စင်ကာပူ၊ အောက်တိုဘာ ၂၇
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် အောက်တိုဘာ ၂၆ ရက်တွင် စင်ကာပူနိုင်ငံ သမ္မတအိမ်တော်၌ စင်ကာပူနိုင်ငံ ယာယီသမ္မတ Eddie Teo နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လီချန်က ယနေ့ကမ္ဘာကြီးသည် လှုပ်ခတ်ပြောင်းလဲနေသော ကာလအသစ်သို့ ဝင်ရောက်နေရာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ ရောယှက်ပေါင်းစပ်လာကြောင်း၊ တရုတ်နှင့် စင်ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနှင့် အရေးကြီး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အနေဖြင့် ပိုမိုရင်းနှီးစွာ စည်းလုံးညီညွတ်၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
အနာဂတ်အား မျက်နှာမူ၍ တရုတ်နိုင်ငံသည် စင်ကာပူနိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုနှင့် မဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်ကာ အပြန်အလှန်၏ ဗဟိုအကျိုးစီးပွားနှင့် အရေးကြီး ဂရုပြုမှုများကို ထောက်ခံအားပေးသွားလိုကြောင်း၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုအား နက်ရှိုင်းစေပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားလိုကြောင်း၊ တရုတ်-စင်ကာပူဆက်ဆံရေး စဉ်ဆက်မပြတ် တည်ငြိမ်ကောင်းမွန်စွာ တိုးတက်လာရန် တွန်းအားပေးခြင်းဖြင့် နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအား ပိုမိုကောင်းမွန်စွာ အကျိုးပြုသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီက ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း ရေးဆွဲမှုအကြံပြုချက်အား စိစစ်အတည်ပြုခဲ့ရာ တရုတ်-စင်ကာပူ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးအခွင့်အလမ်းများ ပံ့ပိုးပေးလိုက်ကြောင်း လီချန်က ထောက်ပြပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့်အတူ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဖော်ထုတ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဉာဏ်ရည်တု (AI) စသည့် ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ကာ ကိုယ်စီ၏ ခေတ်မီအသွင်ပြောင်းရေး လုပ်ငန်းစဉ်အတွက် ပိုမိုများပြားသော တွန်းအားများ ဖြည့်တင်းပေးလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စင်ကာပူ လုပ်ငန်းကုမ္ပဏီများစွာက တရုတ်နိုင်ငံ၏ ဈေးကွက်ကြီးတွင် ဆက်လက်နက်ရှိုင်းစွာ လုပ်ငန်းဖော်ဆောင်၍ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခံစားရန် ကြိုဆိုကြောင်း၊ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံဖလှယ်မှုကို မြှင့်တင်ပြီး လူမှုယဉ်ကျေးမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် စင်ကာပူနိုင်ငံနှင့်အတူ နိုင်ငံစုံယန္တရားများတွင် ချိတ်ဆက်ညှိနှိုင်းမှုကို နီးကပ်စွာလုပ်ဆောင်ပြီး နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေးကို အတူကာကွယ်ထိန်းသိမ်းကာ တန်းတူညီမျှ၍ စနစ်ကျသော ကမ္ဘာကြီး ဗဟုဝင်ရိုးအသွင်ပြောင်းမှု၊ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၍ အားလုံးပါဝင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာ အသွင်ပြောင်းမှုကို တွန်းအားပေးသွားလိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း စင်ကာပူ စသည့် အာဆီယံနိုင်ငံများနှင့်အတူ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်းအား ကောင်းမွန်စွာ တည်ဆောက်ပြီး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုအား အတူလက်တွဲဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Eddie Teo က စင်ကာပူ-တရုတ် သွားလာမှုဆက်ဆံရေးသည် သမိုင်းကြောင်းကြာရှည်ပြီး ဆက်သွယ်မှုနီးကပ်ကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၃၅ နှစ်ပြည့်ဖြစ်ရာ နှစ်ဖက်ဆက်ဆံရေးသည် အားကောင်းသော ဖွံ့ဖြိုးတိုးတက်မှု အလားအလာများရှိကြောင်း ပြောကြားခဲ့သည်။
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပမှုအတွက် စင်ကာပူနိုင်ငံမှ ဂုဏ်ပြုကြောင်း၊ တရုတ်နိုင်ငံ၏ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်းသည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးအား အကျိုးဖြစ်ထွန်းစေရန် မျှော်လင့်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုအား မြှင့်တင်ခြင်း၊ စီးပွားကုန်သွယ်ရေးနှင့် လူမှုယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီး၌ ပူးပေါင်းဖလှယ်မှုအား နီးကပ်စွာ လုပ်ဆောင်ခြင်း၊ အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအား နက်ရှိုင်းစွာဖော်ဆောင်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ပြုပြင်ပြောင်းလဲမှုအား တွန်းအားပေးခြင်း၊ တံခါးဖွင့်လှစ်မှုပုံစံ ကမ္ဘာ့စီးပွားရေး တည်ဆောက်ခြင်းတို့အား လုပ်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost


No comments:
Post a Comment