ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျောင်းဘောလုံးပြိုင်ပွဲများ ပူးပေါင်းကျင်းပရေး တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျောင်းဘောလုံးပြိုင်ပွဲများ ပူးပေါင်းကျင်းပရေး တွေ့ဆုံဆွေးနွေး





ရန်ကုန်၊ နိုဝင်ဘာ ၂၄

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် FIFA Football for Schools အစီအစဉ်နှင့် ကျောင်း ဘောလုံးပြိုင်ပွဲများအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တို့နှင့် ပူးပေါင်းဆောင်ရွက်မည့်  လူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး ကို ယမန်နေ့က နိုဗိုတယ် ရန်ကုန် မက်စ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အဆင့်မြင့် အရာရှိကြီးများ၊ အားကစားနှင့်လူငယ် ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) မှ ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ခင်စောဦး၊ ဒုတိယ ဥက္ကဋ္ဌ ဦးထိပ်ခွန်နောင်မြင့်ဝေ၊ အလုပ်အမှုဆောင် ဦးဝင်းသော် တို့တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လူငယ်ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာ နိုင်ငံတော်အနေဖြင့် ဘောလုံးအားကစား အောင်မြင်တိုးတက်ရေးအတွက် အားပေးနေသည့်အတိုင်း ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သည့် ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အစဉ်တစိုက် ပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် လူငယ်ဘောလုံးဖွံ့ဖြိုးရေး ဆွေးနွေးပွဲသည် များစွာအရေးကြီးပါကြောင်း၊ ကျောင်းသားလူငယ်များ ကာယဉာဏ တိုးတက်ကောင်းမွန်ရေးအတွက် ဘောလုံးအားကစားသည် များစွာ အထောက်အကူဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 

ယင်းနောက် MFF ဥက္ကဋ္ဌက  FIFA Football for Schools အစီအစဉ်နှင့် ကျောင်းများတွင် ဘောလုံး အားကစား ပိုမိုပြုလုပ်နိုင်ရေး တင်ပြဆွေးနွေးခဲ့သည်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏ FIFA Football for Schools အစီအစဉ်အရ ပညာရေးဝန်ကြီးဌာနမှ နည်းပြဆရာ/ဆရာမ များအတွက် MFF မှ D License သင်တန်းနှင့် FIFA Application မှတဆင့် သင်ယူပို့ချရန်များ၊ ကျောင်းများအတွက် ဖီဖာမှဘောလုံး ပံ့ပိုးမှုများ၊ ကျောင်းများတွင် ဘောလုံးအားကစား ကျယ်ပြန့်စွာ ဆောင်ရွက်ပြီး ထူးချွန်သူများ၊ ပါရမီရှင်များ အနေဖြင့် Regional Training Centre များသို့လည်းကောင်း၊ အကယ်ဒမီများ၊ လူငယ်ပြိုင်ပွဲများသို့ လည်းကောင်း၊ ထိုမှတဆင့် သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အဖြစ် အာဆီယံ၊ အာရှပြိုင်ပွဲများ ယှဉ်ပြိုင်၍ ဖီဖာ ယူ၁၇ ကမ္ဘာဖလားအထိ ရောက်ရှိရန်လည်းကောင်း MFF ဥက္ကဋ္ဌ က တင်ပြဆွေးနွေးခဲ့သည်။ 

ထို့အပြင် အခြေခံ ကျောင်းများတွင် ဘောလုံးပြိုင်ပွဲများ ထွန်းကားရေး အတွက် လိုအပ်ချက်များ ဖြစ်သည့် ဘောလုံးကွင်းများ ဖော်ထုတ်ရန်နှင့် ရှိထားသည့်ကွင်းများ ပြုပြင်မွမ်းမံရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် MFF တို့ ပူးပေါင်း ဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများကို အခြေခံ၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အလိုက် လူငယ်ပြိုင်ပွဲများ ကျင်းပရန်နှင့် နည်းဗျူဟာ ရေးဆွဲဆောင်ရွက်ရန်၊ ဒိုင်များနှင့် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာရေး သင်တန်းများကျင်းပပေးရန်၊ ဘောလုံးအားကစားသည် လူငယ်များ စာရိတ္တ၊ ကာယဉာဏ ကောင်းမွန်စေသလို အများနှင့် ထိတွေ့ဆက်ဆံပြောဆိုခြင်း၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ခြင်း တို့အတွက် အရေးပါသည်ဖြစ်ရာ ဆရာ၊ ဆရာမများ အပြင် ကျောင်းသားမိဘများ၏ ပါဝင်အားပေးမှုရှိလာစေရန်လည်း ထည့်သွင်း တင်ပြဆွေးနွေးခဲ့သည်။ 

အစီအစဉ်အရ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဝန်ကြီးဌာန အနေဖြင့် လူငယ်ပြိုင်ပွဲများတွင် ပူးပေါင်းပါဝင်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများတွင် ပါဝင်ကူညီဆောင်ရွက်ရန်များအား ဆွေးနွေးခဲ့ရာ အဖွဲ့ချုပ် အနေဖြင့် ပညာရေးဝန်ကြီးဌာန၏ ပါဝင်ကူညီပေးခဲ့မှုများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ YREO အမျိုးသမီး အသင်းကဲ့သို့ တက္ကသိုလ် အမျိုးသမီး ကလပ်အသင်း အနေဖြင့် မြန်မာ အမျိုးသမီးလိဂ်သို့ ဖွဲ့စည်း ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ သို့မှသာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် အမျိုးသမီးလိဂ် ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းများ အနေဖြင့် MFF လူငယ်ဘောလုံးပွဲတော်များ၊ သင်တန်းများ ကျင်းပရာတွင် ပါဝင်ဆင်နွဲနိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဋ္ဌ က တင်ပြ ဖြေကြားဆွေးနွေးခဲ့သည်။ 

ယင်းနောက် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က လူငယ် ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခဲ့ကာ  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


#News #Sport #Football #Education

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)