နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော (၃၁)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော (၃၁)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား








နေပြည်တော်၊ နိုဝင်ဘာ ၂၀

(၃၁)ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိJasmine Naypyitaw Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦး ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Dr. Kao Kim Hourni အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပို့ဆောင်ရေးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဆွေးနွေးဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn က အဖွင့် အမှာစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် အာဆီယံ မျှော်မှန်းချက် ၂၀၄၅ နှင့်အညီ အာဆီယံအသိုက်အဝန်းသည် နိုင်ငံရေးနှင့် လုံခြုံရေး မဏ္ဍိုင်၊ စီပွားရေးမဏ္ဍိုင်၊ လူမှုရေးနှင့် ယဉ်ကျေးမှုမဏ္ဍိုင်စသည့် မဏ္ဍိုင်ကြီး ၃ ရပ် အပေါ်အခြေခံထားပြီး မဏ္ဍိုင်တစ်ခုချင်းသည်လည်း ဆက်နွယ်နေကြကြောင်း၊ ထို့ကြောင့် အာဆီယံ၏ ၂၀၂၅ အလွန်မျှော်မှန်းချက်ဖြစ်သည့် ပိုမိုပေါင်းစည်း၍ တက်ကြွပြီး ပြည်သူ လူထုကိုဗဟိုပြုသော အာဆီယံအသိုက်အဝန်းတစ်ခု ဖော်ဆောင်ရာတွင် ပေါင်းစည်း ဆက်နွှယ်မှု၏အရေးပါမှုကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ကြောင်း။

ယခုနှစ်သည် ကွာလာလမ်ပူ ပို့ဆောင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) ၏ အပြီးသတ်နှစ်ဖြစ်ပြီး အာဆီယံပို့ဆောင်ရေး စီမံကိန်း (၂၀၂၆-၂၀၃၀)ကို ကြိုဆိုမည့် နှစ်ဖြစ်သည်နှင့်အညီ အာဆီယံပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသော အချိန်အခါလည်းဖြစ်ကြောင်း၊ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ကြေညာစာတမ်းအရ အာဆီယံ-နယူးဇီလန် လေကြောင်းဝန်ဆောင်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းအပေါ်လည်း ဂုဏ်ပြုပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခြင်းသည် လေကြောင်းဆက်သွယ်မှု အားကောင်းလာစေရန်၊ ကုန်စည်နှင့် ခရီးသွားလုပ်ငန်း လွယ်ကူချောမွေ့စေရန်နှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး နက်ရှိုင်းလာစေရန် အရေးပါသည့် မှတ်တိုင်တစ်ခုပင်ဖြစ်ကြောင်း။

သယ်ယူပို့ဆောင်ရေးချိတ်ဆက်မှုသည် အခြေခံအဆောက်အအုံနှင့်သာ သက်ဆိုင် ခြင်းမဟုတ်ဘဲ တည်ငြိမ်မှု၊ တိုးတက်မှုနှင့် အသိုက်အဝန်း တည်ဆောက်မှုတို့၏ မဟာဗျူဟာမြောက် ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်သည့်အပြင် အဆိုပါ ချိတ်ဆက်မှု ကြောင့် အပြန်အလှန်လေးစားမှု၊ စည်းလုံးညီညွတ်မှုတို့နှင့်အတူ အာဆီယံ မိတ်ဖက် ဆက်ဆံရေးစိတ်ဓာတ်ကို ထာဝရထိန်းသိမ်းလျက် အတူတကွ လက်တွဲဆောင်ရွက် သွားမည်ဆိုပါက ပိုမိုတိုးတက်မှုများ ရှိလာမည်ဟုလည်း ယုံကြည်ပါကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ရွေးကောက်ပွဲကျင်းပ ခြင်းသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပြန်လည်ထူထောင်ရန်နှင့် အမျိုးသား စည်းလုံးညီညွတ်မှုကိုမြှင့်တင်ရန် အရေးကြီးသည့်မှတ်တိုင်တစ်ခုအဖြစ် ဆောင်ရွက် နေကြောင်း၊ မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲအပေါ် အာဆီယံမိသားစုများ၏ နားလည်မှု၊ ပံ့ပိုးမှုနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများကို တန်ဖိုးထားပါကြောင်း နှင့် အာဆီယံအနေဖြင့် ပိုမိုခိုင်မာစည်းလုံးညီညွတ်ပြီး အနာဂတ်ကာလတွင် ရှေ့ကို မျှော်မှန်းနိုင်သည့် အသိုက်အဝန်းတစ်ခုအဖြစ် ဆက်လက်ရပ်တည် နေမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးတို့အနေဖြင့် မိမိတို့နိုင်ငံကို စဉ်ဆက်မပြတ်ပူးပေါင်း ဆောင်ရွက် မှုနှင့် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အာဆီယံကိုတည်ငြိမ် အေးချမ်းပြီးသာယာဝပြောသည့် ဒေသတစ်ခုအဖြစ်တည်ဆောက်ရန်ဆိုသည့် တူညီ သောမျှော်မှန်းချက်ကို အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော်ရန် တိုက်တွန်းလိုကြောင်းနှင့် ယနေ့အစည်းအဝေးတွင်လည်း အကျိုးရလဒ်များစွာရှိသည့် ဆွေးနွေးမှုများ ဖြစ်ပေါ်လာရန်မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာ ကြသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး Strengthening Connectivity, Sharing The Future, Video Clip ကိုကြည့်ရှုခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)