ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်


Uploading: 2267859 of 2267859 bytes uploaded.


ဟားခါး ၊  ဒီဇင်ဘာ ၄


၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့ပေါ်ရှိ ဖိတ်ကြားထားသော မသန်စွမ်းသူများ တက်ရောက်ကြကြောင်း သိရသည်။


ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ကမ္ဘာပေါ်မှာ မသန်စွမ်းသူမရှိသည့်နေရာဒေသ၊ နိုင်ငံမရှိကြောင်း၊ ပပျောက်အောင် လည်း ဆောင်ရွက်၍မရပါကြောင်း၊ မသန်စွမ်းမှုဟာ အသက်အရွယ်မရွေး၊ ကျား၊ မ၊ လူမျိုး၊ ဘာသာ၊ ဆင်းရဲချမ်းသာ အလွှာမရွေး၊ နေရာဒေသမရွေး ဖြစ်နိုင်သည့်အတွက် နေရာတိုင်းမှာ မသန်စွမ်းသူ များ ရှိနေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ယခင်က လည်းရှိနေပြီး ယခုလည်းရှိနေကာ နောင်တွင်လည်း ရှိနေဦးမှာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် လူသားများရှိနေသေးသမျှ မသန်စွမ်းသူများ ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မသန်စွမ်းသူများဟာ လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုအနေနှင့် ထာဝရတည်ရှိနေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယေဘုယျအားဖြင့် ကိုယ်အင်္ဂါမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်းနှင့် ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာ မသန်စွမ်းဟူ၍ (၄) မျိုး သတ်မှတ်ထားပါကြောင်း၊ မသန်စွမ်းဖြစ်ရ သည့်အကြောင်းရင်းများထဲတွင် မွေးရာပါမသန်စွမ်းသူများရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းဖြစ်ရခြင်းများလည်းရှိကြောင်း၊ မသန်စွမ်းသူများသည် ကျန်းမာရေးမကောင်းသူများ မဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်ပြီး သာမန်လူတွေကို ပြုမူလှုပ်ရှားမှုမှာ ချို့ယွင်းမှုရှိသူများသာ ဖြစ်ကြောင်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်များ၏ ပူးပေါင်းထုတ်ပြန်ထားသည့် မသန် စွမ်းမှုဆိုင်ရာကမ္ဘာ့အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေသန်း ၁၀၀၀ ကျော်ဟာ မသန်စွမ်းမှုတစ်မျိုးမျိုး ခံစားနေရသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းကျော်သည် မသန်းစွမ်းသူများဖြစ်သည် ကို တွေ့ရှိရပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ဂုဏ်သိက္ခာရှိရှိ၊ အမှီအခိုကင်းကင်းနှင့် ဘဝ ရပ်တည်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့ဟာ အရေးကြီးပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရနှင့် ပရဟိတအဖွဲ့ အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကြိုးစားမှုစွမ်းအားများကြောင့် မသန်စွမ်းသူများ၏ လှုပ်ရှားမှုများဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုများ တွေ့ရှိရကြောင်း၊ ပန်းချီ၊ ဓာတ်ပုံပြပွဲ၊ ပြိုင်ပွဲ၊ ပိုးစာပုံနှိပ်၊ ကြိမ်ထိုး၊ ဆံသ၊ ကွန်ပျူတာ၊ အနှိပ်ပညာစသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများလည်း ပါဝင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မသန်စွမ်းသူများအတွက် မျက်မမြင် အီးမေးလ်၊ အင်တာနက်၊ နားမကြားကလေးများအတွက် မြန်မာလက်သင်္ကေတပြအခြေခံစကား ပြောစာအုပ်များလည်း ထွက်ရှိလာပြီဖြစ်ကြောင်း၊ ထိုကဲ့သို့စောင့်ရှောက်ပြုစုပျိုးထောင်မှုများကြောင့် နှစ်စဉ်မသန်စွမ်းပညာတတ်၊ ဘွဲ့ရထူးချွန်သည့် ကျောင်းသားပေါင်းများစွာ ထွက်ပေါ်လာခဲ့ ကြောင်း၊ ၎င်းနည်းလမ်းများဖြင့်  မသန်စွမ်းသူများကို စောင့်ရှောက်မှုပေးမှသာ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လတ်တလောတွင် မသန်စွမ်းသူများ သည် ပညာရေးအားနည်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှိမ့်ကျခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် ဆင်းရဲမွဲတေမှုနှုန်း မြင့်မားခြင်းစသည့် ဆိုးရွားသည့် လူမှုစီးပွားဘဝအခြေအနေများကို ကြုံတွေ့ရရှိ နိုင်ခြေပိုများလာသည်ဟု ကုလသမဂ္ဂကပြောဆိုပါကြောင်း၊ မသန်စွမ်းသူများဟာ သာမန်ဘဝ တစ်ခုရရှိရေးအတွက် အထောက်အကူပြုသည့် လူမှုရေးနှင့်ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင် လိုအပ်ပါ ကြောင်း၊ ရုံးခန်းများ၊ အများပြည်သူနေရာများနှင့် သယ်ယူပို့ဆောင်ရေးမှအစ စာသင်ကျောင်းများ အဆုံးအထိအတားအဆီးများကို ဖယ်ရှားပေးမည်ဆိုပါက မသန်စွမ်းသူများဟာ ကိုယ်တိုင် စွမ်းဆောင်နိုင်ပြီး လူမှုဘဝမှာ ပေါင်းစည်းပါဝင်နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ကုလ သမဂ္ဂကချမှတ်ထားသည့် “လူမှုဘဝမြင့်မားရေး မသန်စွမ်းသူများပါဝင်သော လူအဖွဲ့အစည်းများမြှင့် တင်ပေး” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများ ခံစားခွင့်ရှိသည့် အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် များကို မသန်စွမ်းသူများအားလုံး တန်းတူညီမျှ အပြည့်အဝ ရရှိနိုင်ရေးအတွက် လူမှုအသိုက်အဝန်း အဖွဲ့အစည်းအတွင်းမှာရှိသည့် ကျွန်တော်တို့လူသားများအားလုံးက တွဲလက်ညီညီနှင့် ဖေးမကူညီကြ ပါရန် အမှာစကားပြောကြားသည်။


ထို့နောက် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ ဂုဏ်ပြုသဝဏ်လွှာနှင့် Video Clip ပြသပြီး မသန်စွမ်းသူ ဦးစောလမွန်က “ညီလေး” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် ၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးက မသန်စွမ်းသူများအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်၍ မသန်စွမ်းသူတစ်ဦးက လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အခမ်းအနားတက်ရောက်လာကြသည့် မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)