တံစိုးလက်ဆောင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါဆိုသည့် အတိုင်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သွားကြရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံစိုးလက်ဆောင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါဆိုသည့် အတိုင်း မိမိကိုယ်ကို အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သွားကြရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မှာကြား




နေပြည်တော်၊ ဒီဇင်ဘာ ၁၇

နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့က ကချင်ပြည်နယ် မြစ်ကြီးမြို့သို့ရောက်ရှိကြရာလေဆိပ်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ 

ထိုမှတစ်ဆင့် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ  ဗလမင်းထင်ခန်းမသို့   သွားရောက်၍ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအားတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊  ယခု ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမအပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်တွင် မြို့နယ် ၁၀၀ နှင့် တတိယအပိုင်းကို (၂)ပတ်အကြာတွင်လည်း    မြို့နယ် ၇၂ မြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တပ်မတော်က ဦးစီးကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်   မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက   ကျရာကဏ္ဍမှ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    ထို့ပြင် ရွေးကောက်ပွဲကျင်းပရန်   ကျန်ရှိသည့်မြို့နယ် ၅၆ မြို့ နယ်ကိုလည်း အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် ရည်ရွယ်ထားပါကြောင်း။

၂၀၂၀ပြည့်နှစ်တွင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲကဲ့သို့မဲမသမာမှုများမဖြစ်ပေါ်စေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်ရွေးကောက်ပွဲတွင် မဲစာရင်းများမှားယွင်းမှုများကြောင့် နိုင်ငံတော်၏ တာဝန်များကို ခေတ္တတာဝန် ယူခဲ့ရကြောင်း၊ ယခု ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို တပ်မတော်က ဦးဆောင်ကျင်းပမည်ဖြစ်ပြီး   ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍ မရနိုင်သည့် ဒီဂျစ်တယ်ဖြင့် မဲပေးသည့်စနစ် မြန်မာအီလက်ထရောနစ်မဲပေးစက်    (MEVM)များကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊  ယင်းစနစ်ကို နိုင်ငံပေါင်း ၃၄ နိုင်ငံက  အသုံးပြု၍ ရွေးကောက်ပွဲများ  ကျင်းပခဲ့ကြောင်း၊အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိသူများသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို မဲပေးပိုင်ခွင့်ရှိသူအားလုံးဆန္ဒမဲပေးနိုင်ရေး  တစ်အိမ်တက်ဆင်း ဖြင့် လိုအပ်သည့် အချက်အလက်များကို စိစစ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မဲစာရင်းတွင်  ပါဝင်သူများမဲပေးခွင့် မဆုံးရှုံးစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်ကျရာကဏ္ဍမှလစ်ဟာမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် နယ်မြေ တည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသည့်အတွက်  လုံခြုံရေးလုပ်ငန်းများကိုတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနေပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ စေတနာ့ ဝန်ထမ်း၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ များက အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူများ အနေဖြင့် ပါတီစုံဒီမိုကရေစီလျှောက်လှမ်းသည့်နိုင်ငံတွင် နေထိုင်သူများဖြစ်၍ ရွေးကောက်ပွဲတွင် မဲပေးရန်တစ်ဦးချင်း တာဝန်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် လည်း နိုင်ငံတော်တာဝန်များကို တစ်ချိန်တွင် ဒီမိုကရေစီစနစ်နှင့်အညီ တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် ယခုကျင်းပမည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဖြစ်မနေပါဝင်၍ မဲပေးကြရမည် ဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲပေးမည့် ကိုယ်စားလှယ်သည် တပ်မတော်နှင့် စိတ်တူကိုယ်တူ လက်တွဲဆောင်ရွက်နိုင်သည့်သူ၊ ဒို့တာဝန်အရေးသုံးပါးကို   စောင့်ထိန်း လိုက်နာမည့်သူ၊  မိမိဒေသကောင်းကျိုး ဆောင်ရွက်နိုင်သူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ ကျန်းမာကြံ့ခိုင်ပြီး အဖွဲ့အစည်းကိုဦးစီးဦးရွက်ပြုလုပ်နိုင်သူများနှင့် လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအမြင်ရှိသူများကို ရွေးချယ်၍    ဆန္ဒမဲများပေးနိုင်ရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ကိုခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း။

တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ နေ့စဉ်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရန်မှာ အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုများကိုလည်း အမြဲမပြတ်လုပ်ဆောင်သွားကြရန်လိုကြောင်း၊ သို့မှသာ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖြင့် လုပ်ငန်းတာဝန်များနှင့် စိန်ခေါ်မှုအမျိုးမျိုးကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် အောင်မြင်စွာဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိကိုယ်ကိုကျန်းမာကြံ့ခိုင်မှုရှိအောင် စနစ်တကျနေထိုင်စားသောက်သွားရန်လည်းလိုအပ်ကြောင်း၊ လေ့ကျင့်သင်ကြား ထားရှိသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကိုလည်း “လေ့လာ၊လေ့ကျင့်၊လိုက်နာ” ဆိုသည့်ဆောင်ပုဒ်အတိုင်းလိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း၊  ထိုသို့ အကြိမ်ကြိမ် အဖန်ဖန် လေ့ကျင့်မှသာကျွမ်းကျင်မှုရှိ၍ မိမိကိုယ်ကိုယုံကြည်မှု ရှိလာမည်ဖြစ်ပြီးတိုက်ပွဲဝင်သည့်အခါရဲစွမ်းသတ္တိများဖြင့် အောင်ပွဲဆင်နိုင်မည်ဖြစ်ကြောင်း၊ ရဲစွမ်းသတ္တိသည်    ပင်ကိုဗီဇ ပါသည့်သူ အနည်းငယ်သာရှိပြီး ကျန်းမာကြံ့ခိုင်မှု၊ စစ်နည်းဗျူဟာကျွမ်းကျင်မှုများဖြင့် မွေးမြူသွားကြရမည်ဖြစ်ကြောင်း။   

တပ်မတော်သားများသည် နိုင်ငံတော်ကို ကာကွယ်ရန်တာဝန်ရှိသည့်အတွက် မူလတာဝန်များကိုလည်း မလစ်ဟင်းအောင်၊ တရားသဖြင့် ပေးအပ်လာသည့် အမိန့်နှင့် တာဝန်များကိုလည်း  ကျေပွန်စွာထမ်းဆောင်သွားကြရန်လိုကြောင်း၊   ထိုသို့ တာဝန် ထမ်းဆောင်ရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် ဆိုသည့်စွမ်းရည်သုံးရပ်ပြည့်ဝနေရန်လိုအပ်ပြီး တပ်မတော်၏ အစဉ်အလာ ၁၂ ရပ်ကိုလည်း ထိန်းသိမ်းကာကွယ်သွားကြရန်လိုကြောင်း၊ ထိုသို့ စွမ်းရည်သုံးရပ်ပြည့်စုံရန်မှာ   တပ်ရင်း/တပ်ဖွဲ့အလိုက်လေ့ကျင့်ရေးဖြင့်တည်ဆောက်၊ အုပ်ချုပ်ရေးဖြင့်တည်ဆောက်၊ သက်သာချောင်ချိရေးဖြင့် တည်ဆောက်၊စိတ်ဓာတ်ဖြင့်တည်ဆောက်ဆိုသည့် တပ်တည်ဆောက်ရေးလုပ်ငန်းတာဝန် (၄)ရပ်ကိုလည်း နိစ္စဓူဝ လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း။

အုပ်ချုပ်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ တပ်ရင်း/တပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ သွားလာရေးနှင့် ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများကို တာဝန်ရှိသူများအနေဖြင့်မျက်ခြည်မပြတ်ကြည့်ရှုပြီးအချိန်မီ  ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ ကွပ်ကဲအုပ်ချုပ်သည့် တပ်မှူးများအနေဖြင့်လည်း   မိမိတပ်ရင်း/တပ်ဖွဲ့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် လိုအပ်သည့်အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ် များကို  တပ်မှူးကောင်း စိတ်ဓာတ်ဖြင့် ညီညွတ်မျှတစွာ   အုပ်ချုပ်ကွပ်ကဲကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း၊  တပ်မတော်အနေဖြင့် စစ်သည်အဆင့်အတန်းအားလုံးကို အဆင့်အလိုက် လျော်ညီသည့် ရပိုင်ခွင့်များ၊ ခံစားခွင့်များ ပေးထားပြီးဖြစ်ကြောင်း၊ ရသင့်ရထိုက်သည်များ မှန်မှန်ကန်ကန်နှင့် ပြည့်ပြည့်ဝဝရရှိအောင် ကြပ်မတ်ကွပ်ကဲခြင်းဖြင့်    သက်သာချောင်ချိရေးကိုဖော် ဆောင်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ အထက်နှင့် အောက်အပြန်အလှန်လေးစားယုံကြည်မှုရှိပြီး   လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။

အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) လုပ်ငန်းလမ်းစဉ်ပါ တပ်မတော်သားတစ်ဦးချင်း ပြုကျင့်လိုက်နာရမည့်   စစ်သည်တော် ကျင့်ဝတ် ၂၀ ပါးပါ ရိုးရိုးပဲနေထိုင်စားသောက်ပါ၊ မိမိဝင်ငွေနှင့် ထွက်ငွေညီမျှပါစေဆိုသည့်အချက်နှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်းနှင့် လောင်းကစားခြင်းရှောင်ပါ၊  တံစိုးလက်ဆောင်ကို မစင်ကဲ့သို့ ရွံရှာစက်ဆုပ်ပါဆိုသည့် အတိုင်း မိမိကိုယ်ကို   အကျိုးမဖြစ်စေနိုင်သည့် အသောက်အစား၊ အပျော်အပါးနှင့် အစားအသောက်များကို ကိုယ်စီအသိစိတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ မိမိတို့ရရှိသည့် ဝင်ငွေနှင့်ထွက်ငွေကို မျှတအောင်သုံးစွဲခြင်းဖြင့် သက်သာချောင်ချိမှုကို ဖန်တီးနိုင်မည်ဖြစ်ပြီး ဝင်ငွေနှင့် ထွက်ငွေမျှတမှုရှိစေရေး အသုံးနှင့်အဖြုန်းကို ခွဲခြားသိရှိဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော် အနေဖြင့် တပ်မတော်သားများ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဆိုပါက  သက်သာချောင်ချိရေးအတွက်   များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊  မိမိတို့ဘဝတိုးတက်ရေးအတွက် အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း တပ်တိုင်းတွင် စာကြည့်တိုက်များထားရှိပေးထားပြီးဖြစ်၍ စာကောင်းပေမွန်များကို   ဖတ်မှတ်လေ့လာကြရန်လိုကြောင်း၊ စာများများ ဖတ်ရှုလေ့လာမှသာ  အသိပညာဗဟုသုတများ ရရှိလာမည်ဖြစ်ပြီး အမှားနှင့် အမှန်၊ အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်မည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ အရာရှိ ၊ စစ်သည်၊ မိသားစုများအနေဖြင့် စာများများ  တိုးတက်ဖတ်ရှုကြရန်လိုကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အမြဲလမ်းညွှန်မှာကြားချက်ဖြစ်သည့် သင့်လေးသင့်ကို လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သင့်လေးသင့်ဆိုသည်မှာ သွားသင့်သည့် နေရာကိုသွားရန်၊ ပြောဆိုသင့်သည့် စကားကိုသာ ပြောဆိုရန်၊ လုပ်သင့်သည့်  အလုပ်ကိုသာလုပ်ရန်နှင့် ပေါင်းသင်းသည့်   သူကိုသာပေါင်းသင်းသွားရန်တို့ ဖြစ်ကြောင်းနှင့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် နိုင်ငံသားကောင်းများ ဖြစ်အောင် ပေးအပ်သည့် တာဝန်များကိုသစ္စာရှိစွာဖြင့်  ကျေပွန်စွာထမ်းဆောင်သွားကြရန်   လိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊  မိသားစုများ၏ တင်ပြချက်များအပေါ်  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အရာရှိ၊ စစ်သည်၊  မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ၊   ဂုဏ်ပြုချီးမြှင့် ငွေများကိုပေးအပ်ရာတိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။ 

တွေ့ဆုံပွဲအပြီးတွင်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာသောအရာရှိ၊ စစ်သည်၊မိသားစုဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။ 


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)