ကြံခင်း ၊ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် မက်သနော လမ်းဆုံတွင် ဒီဇင်ဘာ ၆ ရက်နေ့နံနက်ပိုင်းက ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးသစ်ကြီးအား ဆောက်လုပ်လှူဒါန်းခြင်းအတွက် စုပေါင်းရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်အနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ပင့်သံဃာတော်အရှင်မြတ်များနှင့် ဧည့်ပရိတ်များက နမောတဿ(သုံးကြိမ်) ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ၊ မဟာသဒ္ဒဓမ္မ ဇောတိကဓဇ ဘန္ဒန္တဝါယမ၊ရွှေညောင်ပင်ကျောင်းတိုက်ဦးစီးပဓနဆရာတော်က မုခ်ဦးမတည်လှူဒါန်း ခဲ့သည့် ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်သော အကောက်တောင် သာသနာပြုဆရာတော် (ဦးပညာဒီပ) အားပင့်ဖိတ်ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများက မြို့နယ်သံဃနာယကဥက္ကဋ္ဌထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင်ဗိုလ်မှူးသောင်ထွဋ်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း ကြပြီး၊ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးကြီးအား တည်ဆောက်ရေးလုပ်ငန်းများတွင် အားကြိုး မာန်တက်ကူညီဆောင်ရွက်ပေးသော ဦးကျော်ကျော်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မုခ်ဦးကြီးမတည်လှူဒါန်းသော ဆရာတော်အားရည်စူးပြီး အလှူရှင်ခုနှစ်ရက် သားသမီးများ ဝမ်းမြောက်အနုမောဒနာတရားနာယူနိုင်စေရန် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရွှေညောင်ပင် ကျောင်းဆရာတော်က အနုမောဒနတရားချီးမြင့်ကာ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ပြီး၊ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment