နေပြည်တော်၊ ဒီဇင်ဘာ ၃၁
ယခုလက်ရှိ တင်းမာမှုများဖြစ်ပွားနေသည့် ထိုင်ဝမ်ပြဿနာ (Taiwan Question)နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်ကို သတင်းထုတ်ပြန်ထားရာတွင် ထိုင်ဝမ်ပြဿနာ( Taiwan Question )သည် တရုတ်၏ ပြည်တွင်းရေးပင်ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်၏ ခွဲခြမ်းစိပ်ဖြာ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံက အသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားသည်။
ယနေ့ (၃၁-၁၂-၂၀၂၅) ရက်နေ့ ည သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ပေါ်ပေါက်လာစဉ်ကတည်းက တရုတ်နိုင်ငံ၏ လွတ်လပ်ရေးကို အစောဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒ( One China Policy )အပေါ် အစဉ်တစ်စိုက်ရပ်တည် ထောက်ခံခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်း တွေ့ဆုံစဉ်၌လည်း ထပ်လောင်း အတည်ပြုပြီးဖြစ်သည်။ တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့်ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ရည်ရွယ်ချက်ကိုလည်း ထောက်ခံရပ်တည်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ် ကို သဘောတူလိုက်နာနေသည့် နိုင်ငံများဖြစ်သည်နှင့်အညီ တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို လေးစားကြသည်။ ၎င်းအတွက် ကြိုးပမ်းမှုများကိုလည်း အလေးထားသည်။
တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက လေးစားမှုပြုရေးမူဝါဒအရလည်း ထိုင်ဝမ်ပြဿနာ( Taiwan Question )သည် တရုတ်၏ ပြည်တွင်းရေးပင်ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်၏ ခွဲခြမ်းစိပ်ဖြာ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ် ပြုသည်။ ခွဲထွက်ရေးလှုပ်ရှားမှုများသည် ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် ၎င်းလှုပ်ရှားမှုများကို အသိအမှတ်မပြုပါ။ ပဋိပက္ခဖြစ်ပွားမှုများကို မြင့်တက်စေမည့် မည်သည့် အားပေးမှုကိုမဆို ထိန်းသိမ်းဆောင်ရွက်စေလိုပါသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်၏ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံ၊ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးရှိသည့် နိုင်ငံ၊ အေးအတူပူအမျှအသိုက်အဝန်းကို အတူထူထောင် ထားသည့် နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ က သတင်းထုတ်ပြန်ထားသည်။
#MNP #News

No comments:
Post a Comment