နေပြည်တော်၊ ဇန်နဝါရီ ၂၄
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter- Terrorism Operation) များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားခဲ့သည့် မန္တလေး - မတ္တရာ - သပိတ်ကျင်း - မိုးကုတ် လမ်းကြောင်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် တပ်မတော်က အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး- မတ္တရာ-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ခဲ့သည်။
လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူလူထုအားလိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားရန်နှင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများသည် ယမန်နေ့က မန္တလေးမြို့မှ စဉ့်ကူးမြို့သို့ ထွက်ခွာကြရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာထမ်း အမှုထမ်းများအား နွေးထွေးစွာ တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများချီးမြှင့်ကာ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုကဲ့သို့ တပ်မတော်အနေဖြင့် ဆက်သွယ်ရေး လမ်းကြောင်းများကို ပြန်လည် ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စွာဖြင့် ပုံမှန်အတိုင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment