ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲတွင် မြန်မာ၏ ဒုတိယအကျော့ လျှောက်လဲမှု နောက်ဆုံးရက်၌ မြန်မာနိုင်ငံ၏ ရှေ့နေများက ဂမ်ဘီယာ၏ အထောက်အထားများ ခိုင်လုံမှုမရှိကြောင်းနှင့် တရားသူကြီးများ၏ မေးခွန်းများကို လျှောက်လဲဖြေကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲတွင် မြန်မာ၏ ဒုတိယအကျော့ လျှောက်လဲမှု နောက်ဆုံးရက်၌ မြန်မာနိုင်ငံ၏ ရှေ့နေများက ဂမ်ဘီယာ၏ အထောက်အထားများ ခိုင်လုံမှုမရှိကြောင်းနှင့် တရားသူကြီးများ၏ မေးခွန်းများကို လျှောက်လဲဖြေကြား


နေပြည်တော်၊ ဇန်နဝါရီ ၃၀

ဂမ်ဘီယာနှင့် မြန်မာတို့၏အမှုနှင့် ပတ်သက်၍ ကြားနာပွဲ (Oral Hearing) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရား ရုံး ၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ဒုတိယအကျော့ လျှောက်လဲမှု နောက်ဆုံးရက် ကို ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီ နှင့် မွန်းလွဲ ၃ နာရီ ၄ နာရီခွဲ အထိ တွင် ပြုလုပ်သည်။

မြန်မာနိုင်ငံ၏ ရှေ့နေများက ဂမ်ဘီယာ၏ အထောက်အထားများ ခိုင်လုံမှုမရှိ ကြောင်းနှင့် တရားသူကြီးများ၏ မေးခွန်းများကို လျှောက်လဲ ဖြေကြားကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ၏ ရှေ့နေ Ms. Alina Miron က တရားသူကြီး Gomez ၏ မေးခွန်းကို ဖြေကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ Ms. Yang Hee Lee ကို မြန်မာနိုင်ငံသို့ ၆ ကြိမ်ထက်မနည်း လာရောက်ခွင့်ပြုခဲ့ပြီး ရခိုင်ပြည်နယ်သို့လည်း သွားရောက်ခွင့် ပြု ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် Ms. Yang Hee Lee ၏ ပြောကြားချက်များ သည် သံတမန်မဆန်ဘဲ မြန်မာလူမျိုးနှင့် မြန်မာနိုင်ငံသားများအပေါ် ထိခိုက်စေသဖြင့် မြန်မာနိုင်ငံက ၎င်းအပေါ် ယုံကြည်မှုလျော့ပါးခဲ့ပါကြောင်း၊ ကုလသမဂ္ဂ၏ အချက် အလက်စုံစမ်းရှာဖွေရေးအဖွဲ့ (FFM) ကို ဖွဲ့စည်းသည့် ဆုံးဖြတ်ချက်သည် မဲပေးခြင်းမပြုဘဲ ဆုံးဖြတ်ခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောတူဆုံးဖြတ်ခြင်း မဟုတ်ဘဲ မထောက်ခံသည့် (dissociate) နိုင်ငံများ ရှိခဲ့ပါကြောင်း။

FFM နှင့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးယန္တရား (IIMM) ကို အသိသဘော အမှတ်မပြုရခြင်းမှာလည်း လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ထားကို ရယူခြင်းမရှိဘဲ မြန်မာနိုင်ငံကို ဆန့်ကျင်လျက်ရှိသော ဒေသတွင်းနိုင်ငံများ၏ သဘောတူညီချက်ဖြင့် FFM နှင့် IIMM ကို ဖွဲ့စည်းခဲ့သဖြင့်လည်းကောင်း၊ FFM ၏ လုပ်ငန်း တာဝန်များကို ဖော်ပြရာတွင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်သည့်ပြစ်မှု များကို စစ်ဆေးရန်ဟု စတင်ကတည်းက ဖော်ပြထားခြင်းသည် ဘက်လိုက်မှုရှိနေသဖြင့် လည်း ကောင်း မြန်မာနိုင်ငံက ယုံကြည်မှုပျက်ပြားခြင်းဖြစ်ကြောင်း။

ထို့ပြင် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ကိုယ်စားလှယ်မှာ ၂၀၂၁ ခုနှစ်ကပင် ကုလ သမဂ္ဂ အဓိက အဖွဲ့အစည်းများတွင် ပါဝင်ဆွေးနွေးခွင့် မရှိခဲ့ပါကြောင်း၊ လူ့အခွင့်အရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲသော လုပ်ထုံးလုပ်နည်းများဖြင့် အချက်အလက်များ စုဆောင်းခဲ့သဖြင့် မြန်မာနိုင်ငံက FFM ၏ လုပ်ငန်းစဉ်အပေါ် ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိပါကြောင်း၊ Genocide Convention နှင့် ကုလသမဂ္ဂပဋိညာဉ်တွင်လည်း ယင်းသို့သော အဖွဲ့အစည်းများ နိုင်ငံ အတွင်းသို့ ဝင်ရောက်ခွင့်ပြုနိုင်သည့် ပြဋ္ဌာန်းချက်မျိုး ဖော်ပြထားခြင်း မရှိပါကြောင်း။

တရားသူကြီး Gomez Robledo ၏ သက်သေခံအချက်အလက်များနှင့် စပ်လျဉ်းသည့် မေးခွန်းကို ဖြေကြားရာတွင် အငြင်းပွားသည့်နိုင်ငံအချင်းချင်းအကြား အမှန်တရားရရှိရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်တာဝန်ရှိသည်ဟု ဖော်ပြထားသော်လည်း FFM နှင့် IIMM ကဲ့သို့သော Third party နှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန် မရှိကြောင်းကို ယင်းအမှုတွင် ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် တရားရုံးအနေဖြင့် Genocide Convention နှင့် ဥပဒေအချက်အလက်များအရ မြန်မာနိုင်ငံသည် ပူးပေါင်း ဆောင်ရွက်ရန် တာဝန် မရှိသည်ကို တာဝန်ရှိသည်ဟု ဆွဲယူသုံးသပ် ခြင်းမျိုးမပြုသင့်ပါကြောင်း၊ ဂမ်ဘီယာအနေဖြင့် မြန်မာ နိုင်ငံသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အခြားသူများကို အရေးယူသင့်ကြောင်း တင်ပြရာတွင် မြန်မာနိုင်ငံမှ အဓိကတာဝန်ရှိပုဂ္ဂိုလ် ၆ ဦး ဟူ၍ အမည်တပ်ကာ ယခင်က အစဉ်တစိုက် ဖော်ပြလျှောက်ထားခဲ့သော်လည်း ဂမ်ဘီယာ Agent ၏နောက်ဆုံးတင်ပြသော တောင်းဆို ချက်တွင် အဆိုပါပုဂ္ဂိုလ်များ၏ အမည်များအား ထည့်သွင်းဖော်ပြခြင်း မပြုတော့သဖြင့် ဂမ်ဘီယာအနေဖြင့် ယင်းစွပ်စွဲ ပြော ဆိုချက်အပေါ် ပြန်လည် ရုတ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်ကြောင်း။

အချက်အလက်များအား စုံစမ်းထောက်လှမ်းရမည့်တာဝန်နှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံ၏ ကြားဖြတ်စီမံဆောင်ရွက်ချက်များကို အကောင်အထည်ဖော်သည့် အစီရင် ခံစာ များတွင် တရားစွဲဆို အရေးယူမှုများအား ထည့်သွင်းဖော်ပြခဲ့ပါကြောင်း၊ ICOE အဖွဲ့ ကို ၂၀၁၈ ခုနှစ် တွင် မြန်မာ နိုင်ငံသား ၂ ဦး၊ နိုင်ငံတကာ ကျွမ်းကျင်ပုဂ္ဂိုလ် ၂ ဦးဖြင့် ဖွဲ့ စည်း ခဲ့ပြီး အဖွဲ့ အစည်းကို ဖွဲ့စည်းသည့် လုပ်ငန်းဖွဲ့စည်းမှုစည်းမျဉ်းများ (TOR) အရ ဘက် လိုက်မှု ကင်းရှင်းပြီး FFM ထက်သာလွန်ပါကြောင်း၊ အဆိုပါအဖွဲ့အစည်း၏ ပဏာမ စိစစ်ချက် များအပေါ် ထပ်မံ၍ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ပါကြောင်း၊ ICOE မှ စုဆောင်းသည့် အချက်အလက်များကို စိစစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေး အတွက် CIPB အဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ခဲ့ကြောင်း၊ အဆိုပါအဖွဲ့ အား ARSA ၊ ရဲနှင့် အရပ်သားများ၏ ကျူးလွန် သည်ဟု စွပ်စွဲမှုများကို တရားစွဲဆို အရေးယူနိုင်ရေးအတွက် အခွင့်အာဏာ ပေးထား ကြောင်း၊ တပ်မတော်အား တပ်မတော်သားများ ကျူးလွန်သည်ဟု စွပ်စွဲပြော ဆိုသော ကျူး လွန် မှုများအပေါ် တပ်မတော်၏ တရားစီရင်ရေးစနစ်ဖြင့် အရေးယူရန် အခွင့်အာဏာ ပေးထားကြောင်း။

တရားသူကြီး Charlesworth နှင့် Pillay တို့က မေးမြန်းသော စစ်ဆင်ရေး အတွင်း ပြင်းထန်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှများဆိုင်ရာ မြန်မာနိုင်ငံ၏ စုံစမ်း ထောက်လှမ်း မှုများ ပြုလုပ်ခဲ့သောအချက်အလက်များအား တင်ပြရန် မေးမြန်းချက်နှင့် စပ်လျဉ်း၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် နစ်နာသူ၏ တိုင်ကြားချက်မရှိခြင်း၊ ကာလကြာရှည်မှ နောက်ကြောင်းပြန်တိုင်ကြားခြင်းတို့ကြောင့် အရေးယူဆောင်ရွက်မှုပြုရန် သက်သေလုံ လောက်မှု မရှိပါကြောင်း။

တရားသူကြီး Charlesworth နှင့် Pillay တို့၏ ကျေးရွာများအား မီးရှို့ဖျက် ဆီး သည်ဟု ဆိုသော စွပ်စွဲချက်နှင့်စပ်လျဉ်းသည့် မေးမြန်းချက်အပေါ် မြန်မာ့တပ်မတော်က ကျူးလွန် သည်ဟု စွပ်စွဲပြောဆိုခဲ့သော်လည်း ဂမ်ဘီယာနိုင်ငံအနေဖြင့် သက်သေ အထောက်အထား တင်ပြနိုင်ခြင်းမရှိကြောင်း လျှောက်လဲခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ၏ ရှေ့နေ Mr. Sam Blom-cooper က လျှောက်လဲ ရာတွင် ဂမ်ဘီယာ၏ ဒုတိယအကျော့လျှောက်လဲချက်တွင် မြန်မာနိုင်ငံအနေဖြင့် လူမျိုး သုဉ်း စေသည့် ဆောင်ရွက်ချက် ရည်ရွယ်ချက်များရှိသည်ဟု လုံးဝသက်သေမပြနိုင်ကြောင်း၊ ဂမ်ဘီယာ၏ ကျွမ်းကျင်သက်သေသည် အမှု၏နောက်ဆုံးအချိန်တွင်မှ မြန်မာ နိုင်ငံအနေဖြင့် လူမျိုးသုဉ်းစေလိုသည်ကို သက်သေပြရန် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာများတွင် (ဘင်္ဂါလီရွာများကို ဝိုင်းပတ်ပိတ်ဆို့ခြင်း၊ ရုတ်ချည်းတိုက်ခိုက်ခြင်း၊ ဘက်ပေါင်းစုံ ထောင့် ပေါင်းစုံမှတိုက်ခိုက်ကြောင်း၊ အရပ်သားများကိုမခွဲခြားဘဲ ပစ်ခတ်ခြင်း၊ အမျိုးသား၊ ကလေး များကို အမျိုးသမီးများနှင့် ခွဲခြားခြင်း၊ အမျိုးသမီးများကို အုပ်စုဖွဲ့အဓမ္မကျင့်ခြင်း၊ တရားမဲ့ သတ်ဖြတ်ခြင်း၊ ထွက်ပြေးနေသူများကို ပစ်ခတ်ခြင်း၊ အိမ်များကို မီးရှို့ခြင်း၊ စက်ယန္တရား များနှင့် မြေရှင်းခြင်းစသည့် တူညီသောဆောင်ရွက်မှုပုံစံ(Modus Opreandi)ဖြင့် ကျူးလွန် သည်ဟု စကားလုံး အသစ်ဖြင့် ပြောဆိုလာပါကြောင်း။

ကျွမ်းကျင်သက်သေ၏ ထွက်ဆိုချက်တွင် အားနည်းချက်များကို သက်သေစစ် ဆေးသည့် မြန်မာနိုင်ငံ၏ ရှေ့နေ Mr.Hooper က ထောက်ပြခဲ့ပြီးဖြစ်ကြောင်း၊ ကျွမ်းကျင် သက်သေက နေရာ ၅၄ နေရာတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများရှိခဲ့သည်ဟု ဆိုသော် လည်း ဂမ်ဘီယာ၏ ဒုတိယအကျော့ လျှောက်လဲချက်အရ ၁၀ နေရာခန့် သာ ရှိသည်ဟု ပြင်ဆင်လျှောက်လဲပြန်ပါကြောင်း၊ ကလေးများသေဆုံးသည်ကို ဂမ်ဘီ ယာက နယ်စည်း မခြားဆရာဝန်များ အဖွဲ့၏ အချက်အလက်ကိန်းဂဏန်းများကို ကိုး ကား၍ဖော်ပြသော်လည်း အချက်အလက်များသည် အကြမ်းဖျင်း ကောက် နုတ်၍ ခြုံငုံ တင်ပြချက်များဖြစ်ပြီး တိကျသေချာသည်ဟု မဆိုလိုနိုင်သည့် ချဲ့ကားထားသော ကိန်းဂဏန်းများဖြစ် ကြောင်း လျှောက်လဲသည်။

ထို့နောက် မြန်မာနိုင်ငံ၏ ရှေ့နေ Prof. Talmon က ဂမ်ဘီယာက တောင်း ဆိုထား သည့် ပေးလျော်ရန်ကိစ္စများနှင့်ပတ်သက်၍ တရားရုံးသည် လူမျိုးသုဉ်းစေမှုနှင့် ပတ်သက်၍ အမှုကျူးလွန်ကြောင်းနှင့် ဆက်လက်မကျူးလွန်ရန် တားမြစ်ကြောင်း ကိစ္စများကိုသာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ တရားသူကြီး Cleveland မေးမြန်းသည့် အပြည်ပြည်ဆိုင်ရာ တရားရုံးများ၊ ခုံရုံးများနှင့်အမှုသည်များက ဤအမှုတွင် ပေးလျော်ရန် ကိစ္စကို ကိုင်တွယ် ဆုံးဖြတ်ရန် သင့်လျော်သည်ဟု ယူဆသည့် တရားရုံးများဆိုင်ရာ မေးခွန်းနှင့်ပတ်သက်၍ နစ်နာသူမဟုတ်သည့် နိုင်ငံကစာချုပ်ဝင်နိုင်ငံအနေဖြင့် စွဲဆိုသည့်ကိစ္စတွင် လျော်ကြေးအလို ရှိသူသည် စွဲဆိုသည့်နိုင်ငံသား မဟုတ်ကြောင်း၊ လက်ရှိ အထိ နစ်နာသူမဟုတ်သည့် တရားစွဲဆိုသည့် နိုင်ငံနှင့်ပတ်သက်၍ ယခင် ဆုံးဖြတ်ချက်များ မရှိဖူးသေးကြောင်း။

ယင်းကဲ့သို့သော အမှုမျိုးသည် ဥရောပ လူ့အခွင့်အရေး စာချုပ်၊ အမေရိက လူ့ အခွင့် အရေး စာချုပ်နှင့် အာဖရိကလူသားနှင့် လူပုဂ္ဂိုလ်များ၏ ပဋိညာဉ်စာချုပ် စသည် တို့တွင်သာ အကျုံးဝင်မည်ဖြစ်ကြောင်း၊ အကယ်၍ နစ်နာသူ တစ်ဦးတစ်ယောက်က စာချုပ်တွင် ပါဝင်ခြင်း မရှိသည့် နိုင်ငံကို စွဲဆိုပါက နစ်နာမှုအတွက် လျော်ကြေး တောင်းခံပိုင်ခွင့် မရှိကြောင်း ICJ တရားရုံး ကိုယ်တိုင်က ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကြံ ပေးခြင်းတွင် အတည်ပြုထားပါကြောင်း၊ နစ်နာသူမဟုတ်သည့်နိုင်ငံ လျော်ကြေး တောင်းခံမည်ဆိုပါက နိုင်ငံများက အပြိုင်တောင်းဆိုခြင်း၊ မတူညီသည့် တောင်းဆိုမှုများပြုခြင်း ရှိနိုင်ပြီး လျော်ကြေးကို အမှန်နစ်နာသူထံ မည်သို့မည်ပုံ ရရှိအောင်ပေးအပ် မည်ကလည်း အခက်အခဲရှိပါကြောင်း၊ အထူးသဖြင့် စွဲဆိုခံရသည့် နိုင်ငံ၏ နိုင်ငံသား မဟုတ်သူများက တရားမျှတမှု၊ ကြားကာလ တရားစီရင်ရေးတို့တွင် တောင်းဆိုချက် များသည် အခက်အခဲ ရှိကြောင်း၊ သို့ဖြစ်၍ ယခုကိစ္စရပ်မျိုးတွင် စာချုပ်ကိုလိုက်နာရန်နှင့် ဖောက်ဖျက်မှုများ ရပ်တန့်ရန် ကိစ္စများကို ဆုံးဖြတ်ရန်သာ အဓိကသင့်လျော်ကြောင်း လျှောက်လဲသည်။

ယင်းနောက် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr. Staker က ဂမ်ဘီယာ၏ သက် သေများ သက်သေအဆင့်မမီကြောင်းနှင့် ပတ်သက်၍ တရားသူကြီး Cleveland ၏ မြန် မာနိုင်ငံက ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့၊ NGO များ၏ မေးခွန်းဖြေကြား ရာတွင် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့၊ NGO များ၏ အချက်အလက်များသည် သက်သေ အဆင့်လုံးဝမရှိကြောင်း ငြင်းဆိုနေခြင်းမဟုတ်ကြောင်း၊ ယခုအမှုတွင် အဓိကအချက်များဖြစ်သည့် ရက်စက်ဆိုးရွားမှုများ ကျူးလွန်ခြင်း၊ ယင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခြင်း၊ တစ်ပုံစံတည်း ကျူးလွန်ခြင်းဟူသော စွပ်စွဲချက်များက အဓိက ဖြစ်နေသဖြင့် ယင်းတို့ကို သက်သေပြရာတွင် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမှ လွဲ၍ အခြားကောက်ချက်ချရန် မရှိသည့်အထိ သက်သေပြရန် မဖြစ်နိုင်ကြောင်း။

ထိုသို့သက်သေပြနိုင်ရန် သက်သေအဆင့်အတန်း မြင့်မားရန် လိုအပ်ကြောင်း၊ အထက်ပါ ကုလသမဂ္ဂနှင့် ပြင်ပအဖွဲ့အစည်းများသည် တစ်ဆင့်ကြား အချက်အလက်များ ကိုသာ ကိုးကားရေးသားသဖြင့် ၎င်းတို့ကို ယခုအမှုတွင် သက်သေခံအဆင့်မမီကြောင်း သတ်မှတ်ပေးရန် မြန်မာက ရပ်တည်ပါကြောင်း၊ သာမန်အရပ်ဘက် တရား ရုံး၊ နိုင်ငံတကာ ပြစ်မှုခုံရုံးစသည်တို့တွင် ယခုကဲ့သို့သော သက်သေများကို လက်မခံ ပါကြောင်း၊ IIMM အနေဖြင့် စတင်ဖွဲ့စည်းချိန်မှ ၇ နှစ်အတွင်း ယခုအမှုအတွက် ထွက် ဆိုချက် ၄၂ ခုသာ ထောက်ပံ့ပေးနိုင်ကြောင်း၊ မြန်မာက ARSA အကြမ်းဖက် အဖွဲ့နှင့် ပတ်သက်၍ FFM နှင့် NGO များကို ကိုးကားလျှောက်လဲခြင်းမှာ မြန်မာက ယင်းကိစ္စ များကို သက်သေပြလို၍ မဟုတ်ဘဲ ဂမ်ဘီယာ၏ အချက်အလက်များအရ သက်သေပြ ရမည့် စံနှုန်းမညီကြောင်း ထောက်ပြလိုခြင်းသာဖြစ်ကြောင်း။

အမှန်သက်သေပြရမည့် တာဝန်သည် ဂမ်ဘီယာတွင်သာ ရှိကြောင်း၊ ဂမ်ဘီ ယာ က FFM ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုကို အဖွဲ့တွင် ပါဝင်ခဲ့သူတစ်ဦး၏ အချက် အလက်များကို သုံး၍ ချေပနေသော်လည်း ယင်းအဖွဲ့တွင် မှုခင်းဆေးပညာ စသည့် ကျွမ်းကျင်သူများ မပါဝင်ကြောင်း၊ ဂမ်ဘီယာအနေဖြင့် တစ်ဆင့်ကြားစကား များဖြင့် များစွာ စွပ်စွဲပြောဆိုနေသော်လည်း အင်းဒင်ဖြစ်စဉ်မှလွဲ၍ ဓါတ်ပုံ၊ ဗွီဒီယို သက်သေ တစ်စုံတစ်ရာ ထုတ်ပြနိုင်ခြင်း မရှိသည်မှာလည်း မဖြစ်သင့်ကြောင်း စသည်ဖြင့် လျှောက်လဲသည်။

ထို့နောက် ရှေ့နေ Mr. Stefan Talmon က သက်သေအထောက်အထား ပြသရန် တာဝန်နှင့် သက်သေအထောက်အထား အဆင့်အတန်းတို့နှင့် ပတ်သက်၍ လျှောက်လဲရာ တွင် အမှု စွပ်စွဲသူ ဂမ်ဘီယာက သက်သေအထောက်အထား ပြသရန်တာဝန်ရှိကြောင်း၊ ထို့အပြင် ကြီးလေးသည့်အမှုဖြင့် စွပ်စွဲထားသည့်အတွက် နိုင်ငံတစ်နိုင်ငံအတွက်သာမက ယင်း နိုင်ငံတွင် နေထိုင်သော သန်းပေါင်းများစွာရှိသည့် ပြည်သူများပါ ထာဝရအမည်းစက်ထင်မည့် ကိစ္စဖြစ် သဖြင့် အကြွင်းမဲ့ယုံကြည်ရလောက်သော အဆင့်အတန်းရှိသည့် သက်သေများကို ပြသရန် တာဝန်ရှိကြောင်း၊ တရားသူကြီး Hmoud က လူမျိူးသုဉ်းစေမှုကို စစ် ဆေး ရာတွင် လူမျိုးသုဉ်း စေမည့် ရည်ရွယ်ချက် ရှိ /မရှိကို လူပုဂ္ဂိုလ်နှင့် နိုင်ငံတော်တို့အား ခွဲခြား၍ စစ်ဆေးရန် လို / မလို မေးခွန်းကို ဖြေကြားရမည်ဆိုပါက သက်သေအဆင့်အတန်း တူညီနေရန်လိုသည့်အတွက် ခွဲခြားရန် မလိုအပ်ကြောင်း၊ ထို့အပြင် နိုင်ငံတစ်နိုင်ငံသည် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်အပြင် အခြားစေ့ဆော်မှုများ သို့မဟုတ် ရည်မှန်းချက်များရှိပါက လူမျိုးသုဉ်းစေရန် အထူးရည်ရွယ် ချက်ကို လျော့ပါးစေနိုင်သည်ဟု ဖြေကြား လိုပါ ကြောင်း လျှောက်လဲသည်။

ဆက်လက်၍ ရှေ့နေက ဂမ်ဘီယာသည် စွပ်စွဲသကဲ့သို့ တရားရုံးတွင် လူမျိုးသုဉ်း စေမှု မြောက် / မမြောက် ဆင်ခြင်ရာတွင် အမုန်းစကား မပါဝင်သည့်အတွက် စီရင်ထုံး များ အပေါ် စိတ်ကူးအသစ်များ ဖြည့်စွက်၍ မရပါကြောင်း၊ ဂမ်ဘီယာ၏ ကျွမ်းကျင် သက်သေ Newton က လျှောက်လဲသကဲ့သို့ ဥပဒေကြောင်းအရ တိုက်ခိုက်သည့် ပုံစံ နီးစပ်မှုနှင့် စနစ် တကျ စီစဉ်ပြီး တစ်ပုံစံတည်း စစ်ဆင်ရေး ပြုလုပ်မှုကို ချိတ်ဆက်၍ မရပါ ကြောင်း၊ လူမျိုး သုဉ်းစေမှု မြောက် /မမြောက် စစ်ဆေးရာတွင်လည်း ပျက်စီးဆုံးရှုံးမှု ပမာဏကို အခြေခံရ သည့်အတွက် ဂမ်ဘီယာလျှောက်လဲသကဲ့သို့ အရေအတွက်နှင့် မဆိုင် ကြောင်း ကောက် ချက် ချ၍ မရကြောင်း၊ ကုလသမဂ္ဂက ဖွဲ့စည်းပေးသည့် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် ဥပဒေ ကြောင်းအရ အမှုကို ဖုံးကွယ်သည်ဟုဆို၍ မရ ပါကြောင်း၊ အဓိကကျသည်မှာ စနစ်တကျစီစဉ်ပြီး တစ်ပုံစံတည်း စစ်ဆင်ရေးပြုလုပ်မှုကြောင့် လူမျိုးသုဉ်းစေမှုဖြစ်စေသည်ဟု ကောက်ချက်ချနိုင် မှသာ လူမျိုးသုဉ်းစေမှု မြောက် ပါကြောင်း လျှောက်လဲသည်။

မြန်မာနိုင်ငံ၏ ရှေ့နေများ လျှောက်လဲအပြီးတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မိန့်ခွန်း ပြောကြားခဲ့ပြီး ဂမ်ဘီယာ၏ လျှောက်လဲ တောင်း ဆိုချက်အားလုံးကို တရားရုံးအနေဖြင့် ပယ်ချပေးနိုင်ပါရန် အဆိုပြုလွှာတင်ပြခဲ့ကြောင်း သတင်း ရရှိသည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)