၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ရှေ့မှာ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးပါတီကို အခြေခံသည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး တပ်မတော်နှင့် တစ်သားတည်း ရပ်တည်သည့် အုပ်ချုပ်ရေးပုံစံ ဖြစ်လာနိုင်ခြေ မြင့်မားသည့်အခြေအနေနှင့် ပြည်သူ့ရေးရာ ပြဿနာများကို တင်ပြခဲ့ပြီးဖြစ်သည်။
စီးပွားရေးပြဿနာကို ဖြေရှင်းရန်၊ အလုပ်အကိုင်အခွင့်အလမ်းပြဿနာကို ဖြေရှင်းရန် အမြင်များကို တင်ပြခဲ့ပြီး ဖြစ်သည်။ ဆက်လက်ပြီး ပြဿနာများကို ကိုင်တိုင်ဖြေရှင်းသင့်တဲ့ ပုံစံများကို စဉ်းစားသုံးသပ်တင်ပြမည်။
လျှပ်စစ်မီးပြဿနာ (အကျဉ်းချုပ်အမြင်)
လျှပ်စစ်မီးပြဿနာသည် လက်ရှိမြန်မာနိုင်ငံ၏ ပြည်သူ့ရေးရာပြဿနာများအနက် အရေးအကြီးဆုံး ပြဿနာတစ်ရပ်ဖြစ်သည်။ အိမ်ထောင်စုဘဝများ၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံ၏ ထုတ်လုပ်မှုစနစ်တစ်ခုလုံးသည် လျှပ်စစ်မီးပေါ်တွင် အလွန်အမင်း မူတည်နေကြသော်လည်း မီးအားမတည်ငြိမ်မှု၊ မီးပျက်ခဏခဏဖြစ်ပေါ်မှုတို့ကြောင့် နိုင်ငံတစ်ဝန်း အခက်အခဲများ ကြုံတွေ့နေရသည်။
လျှပ်စစ်မီးပြဿနာကို အကျယ်တဝံ့ ရေးသားသုံးသပ်လိုပါက မလွဲမသွေ မြစ်ဆုံကိစ္စကို ထည့်သွင်းပြောဆိုရမည့် အခြေအနေသို့ ရောက်ရှိလာသည်။ မြစ်ဆုံလျှပ်စစ်စီမံကိန်းသည် လျှပ်စစ်မီးထုတ်လုပ်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်အမြင်များ အားလုံးနှင့် ဆက်စပ်နေသည့် အရေးကြီးသော အကြောင်းအရာဖြစ်သဖြင့် ယင်းအကြောင်းအရာကို သီးသန့် အကျယ်တဝံ့ ဆွေးနွေးသင့်သည်။ ထို့ကြောင့် ဤအပိုင်းတွင် အကျဉ်းချုပ်အနေဖြင့်သာ ဖော်ပြသွားမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ကျွန်ုပ်တို့ရှေ့တွင် ရွေးချယ်စရာ လမ်းနှစ်လမ်းသာ အမှန်တကယ် ရှိနေသည်။ ပထမလမ်းမှာ ဖွံ့ဖြိုးတိုးတက်မှုကို ရွေးချယ်ခြင်းဖြစ်ပြီး ဒုတိယလမ်းမှာ ရှေးရိုးစဉ်လာအတိုင်း နေထိုင်ခြင်းဖြစ်သည်။ လျှပ်စစ်မီးမလုံလောက်သည့် အခြေအနေကို ဆက်လက်လက်ခံထားမည်လား၊ သို့မဟုတ် စွမ်းအင်ထုတ်လုပ်မှုကို တိုးမြှင့်၍ စီးပွားရေးနှင့် လူနေမှုဘဝကို ပြောင်းလဲတိုးတက်စေမည်လားဆိုသည့် မေးခွန်းကို ရင်ဆိုင်နေရသည်။
ဖွံ့ဖြိုးတိုးတက်လိုပါက စွန်လွှတ်စွန့်စားမှုကို မဖြစ်မနေ လက်ခံရမည်ဖြစ်သည်။ စွမ်းအင်ထုတ်လုပ်ရေးသည် အမြဲတမ်း အကျိုးကျေးဇူးသာရှိသည့် လုပ်ငန်းမဟုတ်ဘဲ ဆုံးဖြတ်ချက်ကြီးများ၊ တာဝန်ခံမှုကြီးများနှင့် တွဲဖက်နေသည်။ မြစ်ဆုံလျှပ်စစ်စီမံကိန်းအပါအဝင် လျှပ်စစ်စွမ်းအင်ကြီးမားစွာ ထုတ်လုပ်နိုင်မည့် စီမံကိန်းများကို လုံးဝပယ်ချလိုက်ပါက လျှပ်စစ်မီးမလုံလောက်မှု၊ ထုတ်လုပ်မှုမတိုးတက်နိုင်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း မဖန်တီးနိုင်မှုများကို ဆက်လက်ခံစားရမည်ဖြစ်သည်။
တစ်ဖက်တွင် ရှေးရိုးစဉ်လာကိုသာ ထိန်းသိမ်းလိုက်ပါက လျှပ်စစ်မီးပြဿနာသည် မဖြေရှင်းနိုင်သည့် ပြဿနာအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အချိန်ကြာမြင့်စွာ နောက်ကျနေမည်ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်မီးပြဿနာကို ဖြေရှင်းရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် စွန့်စားမှုကို လက်ခံနိုင်သည့် သတ္တိရှိသော ဆုံးဖြတ်ချက်များကို ချမှတ်ရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။
မြစ်ဆုံလျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်သည့် အကျိုးအပြစ်များကို မည်သို့ ချိန်ခွင့်ညှိရမည်၊ မည်သို့ ဆုံးဖြတ်သင့်သည်ကို သီးသန့်အခန်းတစ်ခန်းတွင် အကျယ်တဝံ့ ဆက်လက်သုံးသပ်သွားမည်ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး ပြဿနာ (ဖြေရှင်းရေးအမြင်)
လမ်းပန်းဆက်သွယ်ရေး ပြဿနာကို ဖြေရှင်းရာတွင် အချိန်တိုအကျိုးရလဒ်ကိုသာ မမြင်ဘဲ ရေရှည်ဖွံ့ဖြိုးရေးကို အခြေခံသည့် မူဝါဒအမြင်ဖြင့် ချဉ်းကပ်ရန် လိုအပ်သည်။ အစိုးရအနေဖြင့် လမ်းအသစ်များကို အလွန်အမင်း တည်ဆောက်ခြင်းထက် လက်ရှိရှိပြီးသား လမ်းများကို စနစ်တကျ ပြုပြင်ထိန်းသိမ်းနိုင်ရေးကို ဦးစားပေးဆောင်ရွက်သင့်သည်။ ထိန်းသိမ်းမှုစနစ် မခိုင်မာပါက အသစ်တည်ဆောက်သည့် လမ်းများပါ အချိန်တိုအတွင်း ပျက်စီးသွားနိုင်သဖြင့် ပြုပြင်ထိန်းသိမ်းရေးသည် လမ်းပန်းဆက်သွယ်ရေးမူဝါဒ၏ အခြေခံအချက်ဖြစ်ရမည်ဖြစ်သည်။
ထို့အပြင် မြို့ပြနှင့် ကျေးလက်ဒေသများအကြား လမ်းပန်းဆက်သွယ်ရေး မညီမျှမှုကို လျှော့ချနိုင်ရေးအတွက် ဒေသအလိုက် လိုအပ်ချက်ကို အခြေခံသည့် စီမံကိန်းများကို အကောင်အထည်ဖော်သင့်သည်။ ကျေးလက်ဒေသများတွင် ကျန်းမာရေး၊ ပညာရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အရေးပါသော လမ်းများကို ဦးစားပေးရွေးချယ်၍ မိုးရာသီတွင်ပါ အသုံးပြုနိုင်မည့် လမ်းအမျိုးအစားများကို စနစ်တကျ စီမံတည်ဆောက်ရမည်ဖြစ်သည်။ ဤသို့ မျှတစွာ ဖွံ့ဖြိုးနိုင်မှသာ ဒေသဖွံ့ဖြိုးရေး ကွာဟမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးရေးတွင် BOT (Build–Operate–Transfer) စနစ်ကို အသုံးပြုနိုင်သော်လည်း လူထုအများစုအနေဖြင့် ယင်းစနစ်၏ အဓိပ္ပါယ်နှင့် အကျိုးဆက်များကို လုံလောက်စွာ မသိရှိသေးသည့် အခြေအနေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် BOT စနစ်အောက်ရှိ စီမံကိန်းများကို လွတ်လပ်စွာ လည်ပတ်ခွင့်ပေးခြင်းထက် အစိုးရက တင်းကျပ်စွာ ကြပ်မတ်ထိန်းချုပ်ရမည်ဖြစ်သည်။ အထူးသဖြင့် စာချုပ်ပါ စည်းကမ်းချက်များ၊ လမ်းအသုံးပြုခွင့်ကြေးနှုန်းများ၊ စီမံကိန်းလည်ပတ်ကာလနှင့် အရည်အသွေးစံနှုန်းများကို ပွင့်လင်းမြင်သာစွာ စီမံခန့်ခွဲနိုင်ရန် အစိုးရ၏ စောင့်ကြပ်မှုစနစ်ကို အခိုင်အမာ ထူထောင်ရမည်ဖြစ်သည်။
BOT စနစ်သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်သော်လည်း အစိုးရကြပ်မတ်မှု မရှိပါက ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးများ တိုးပွားလာစေနိုင်သည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးရေးတွင် BOT စနစ်ကို အသုံးပြုပါက လူထုအကျိုးကို ဦးစားပေးသည့် မူဝါဒ၊ တာဝန်ခံမှုရှိသည့် စီမံခန့်ခွဲမှုနှင့် အပြည့်အဝ ကြပ်မတ်ထိန်းချုပ်မှုတို့ဖြင့်သာ အကောင်အထည်ဖော်သင့်သည်။
အခြေခံအားဖြင့် လမ်းပန်းဆက်သွယ်ရေး ပြဿနာကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်းသည် သွားလာရေးအဆင်ပြေမှုတစ်ရပ်သာမက စီးပွားရေးလှုပ်ရှားမှုများ တိုးတက်လာစေရန်၊ ဒေသဖွံ့ဖြိုးရေးကို အားပေးထောက်ခံနိုင်ရန်နှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် အရေးပါသော အချက်ဖြစ်သည်။ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးကို ရေရှည်မြင်ကွင်းဖြင့် စီမံကိန်းချမှတ် အကောင်အထည်ဖော်နိုင်ခြင်းသည် မည်သည့်အစိုးရအတွက်မဆို မလွဲမသွေ ထမ်းဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်သည်။
လုံခြုံရေး ပြဿနာ (ဖြေရှင်းရေးအမြင်)
လုံခြုံရေး ပြဿနာကို သုံးသပ်ရာတွင် အန္တရာယ်အမျိုးအစားများကို မခွဲခြားဘဲ တစ်စုတစ်စည်းတည်း အဖြေရှာခြင်းသည် ထိရောက်မှုမရှိနိုင်ပါ။ ထို့ကြောင့် လက်ရှိလုံခြုံရေးအန္တရာယ်များကို သူပုန်၊ အကြမ်းဖက်အန္တရာယ် နှင့် ဒုစရိုက်သမားအန္တရာယ် ဟူ၍ ခွဲခြားစဉ်းစားရန် လိုအပ်သည်။
ပထမအနေဖြင့် သူပုန်နှင့် အကြမ်းဖက်အန္တရာယ် သည် နိုင်ငံရေး၊ လက်နက်ကိုင်ပဋိပက္ခများနှင့် တိုက်ရိုက်ဆက်နွယ်နေသည့် လုံခြုံရေးပြဿနာဖြစ်သည်။ ယင်းအန္တရာယ်ကို ဖြေရှင်းရာတွင် စစ်ရေးနည်းလမ်းတစ်ခုတည်းဖြင့်သာ ချဉ်းကပ်ခြင်းသည် ရေရှည်အဖြေမဖြစ်နိုင်ပါ။ လုံခြုံရေးထိန်းသိမ်းရေးအတွက် လိုအပ်သည့် အရေးယူမှုများကို ဆောင်ရွက်ရမည်ဖြစ်သော်လည်း အပြိုင်အဆိုင်အနေဖြင့် နိုင်ငံရေးဆွေးနွေးမှု၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် လူထုအကျိုးစီးပွားကို အခြေခံသည့် နည်းလမ်းများကိုပါ အသုံးချရန် လိုအပ်သည်။ ထိုသို့ မဟုတ်ပါက လုံခြုံရေးအခြေအနေသည် တင်းမာမှုအသစ်များကိုသာ ဆက်လက်ဖြစ်ပေါ်စေမည်ဖြစ်သည်။
ဒုတိယအနေဖြင့် ဒုစရိုက်သမားအန္တရာယ် သည် လူထု၏ နေ့စဉ်ဘဝကို တိုက်ရိုက်ထိခိုက်စေသော လုံခြုံရေးပြဿနာဖြစ်ပြီး ယင်းပြဿနာသည် တရားရေးစနစ်နှင့် အနီးကပ်ဆက်နွယ်နေသည်။ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးနှင့် အဖွဲ့အစည်းပြု ဒုစရိုက်များ ပျံ့နှံ့လာခြင်းသည် ဥပဒေစိုးမိုးမှု မခိုင်မာခြင်းနှင့် တရားစီရင်ရေးစနစ်အပေါ် လူထုယုံကြည်မှု လျော့နည်းလာခြင်းတို့၏ အကျိုးဆက်ဖြစ်သည်။ ထို့ကြောင့် ဒုစရိုက်သမားအန္တရာယ်ကို ဖြေရှင်းရာတွင် လုံခြုံရေးတပ်ဖွဲ့များ၏ ဖမ်းဆီးမှုတစ်ခုတည်းကိုသာ အားကိုးခြင်းထက် တရားရေးစနစ်ကို မျှတတိကျစွာ လည်ပတ်နိုင်ရေးကို အခြေခံအဖြေရှာရမည်ဖြစ်သည်။
တရားစီရင်ရေးစနစ်တွင် အဂတိလိုက်စားမှုများ၊ မျှတမှုမရှိခြင်းများ ရှိနေသရွေ့ ဒုစရိုက်မှုများကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဥပဒေစိုးမိုးရေး၊ တရားရုံးများ၏ လွတ်လပ်မှုနှင့် တာဝန်ခံမှုကို အခိုင်အမာတည်ဆောက်ခြင်းသည် ဒုစရိုက်သမားအန္တရာယ်ကို လျော့နည်းစေသော အရေးပါသည့် အချက်ဖြစ်သည်။
အကျဉ်းချုပ်အားဖြင့် လုံခြုံရေး ပြဿနာကို ဖြေရှင်းရာတွင် သူပုန်၊ အကြမ်းဖက်အန္တရာယ်ကို နိုင်ငံရေးနှင့် လုံခြုံရေးအမြင်ပေါင်းစပ်ဖြင့် ချဉ်းကပ်ရမည်ဖြစ်ပြီး ဒုစရိုက်သမားအန္တရာယ်ကိုမူ ဥပဒေစိုးမိုးရေးနှင့် တရားရေးစနစ် ပြုပြင်တိုးတက်ရေးကို အခြေခံ၍ ဖြေရှင်းရမည်ဖြစ်သည်။ ယင်းသို့ ခွဲခြားသုံးသပ်နိုင်မှသာ လူထုလုံခြုံရေးကို ရေရှည်တည်ငြိမ်စေမည့် လမ်းကြောင်းကို ဖော်ဆောင်နိုင်မည်။
အဂတိလိုက်စားမှု ပြဿနာ (ဖြေရှင်းရေးအမြင်)
အဂတိလိုက်စားမှု ပြဿနာသည် ဥပဒေ၊ စနစ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုတည်းကြောင့်သာ ဖြစ်ပေါ်လာသည့် ပြဿနာမဟုတ်ဘဲ အစိုးရအနေဖြင့် ယင်းပြဿနာအပေါ် မည်မျှအာရုံစူးစိုက်နေသနည်းဆိုသည့် အချက်နှင့် တိုက်ရိုက်ဆက်နွယ်နေသော ပြဿနာ ဖြစ်သည်။ အစိုးရအကြီးအကဲများနှင့် အုပ်ချုပ်ရေးယန္တရားအနေဖြင့် အဂတိလိုက်စားမှုကို အရေးကြီးဆုံး ပြဿနာတစ်ရပ်အဖြစ် မယူဆပါက မည်သည့်ဥပဒေ၊ မည်သည့်အဖွဲ့အစည်းကို ဖွဲ့စည်းထားသည်ဖြစ်စေ ထိရောက်စွာ ထိန်းချုပ်နိုင်မည် မဟုတ်ပါ။
အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ရေးသည် မိန့်ခွန်းများ၊ ကြေညာချက်များပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှုများပေါ်တွင်သာ မူတည်နေသည်။ အစိုးရကိုယ်တိုင် အဂတိလိုက်စားမှုကို မိမိအုပ်ချုပ်ရေး၏ အားနည်းချက်အဖြစ် လက်ခံမိပါက ထိုပြဿနာကို ဖြေရှင်းရန် လမ်းကြောင်းများကို စနစ်တကျ ဖော်ဆောင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် အဂတိကို သာမန်အုပ်ချုပ်ရေးအလေ့အကျင့်တစ်ခုအဖြစ် လက်ခံထားနေသရွေ့ ယင်းပြဿနာသည် ဆက်လက်အမြစ်တွယ်နေမည်ဖြစ်သည်။
ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အစိုးရ၏ အာရုံစူးစိုက်မှုသည် တစ်ဖက်သတ် သို့မဟုတ် ရွေးချယ်မှုဖြစ်နေပါက လူထုယုံကြည်မှုကို ပိုမိုထိခိုက်စေမည်ဖြစ်သည်။ အောက်ခြေအဆင့်ဝန်ထမ်းများကိုသာ အရေးယူပြီး အာဏာရှိသူများကို မထိမခိုက်ထားပါက အဂတိလိုက်စားမှုကို တားဆီးနိုင်မည်မဟုတ်ဘဲ စနစ်တကျ အကာအကွယ်ပေးထားသည့် ပြဿနာအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရ၏ အာရုံစူးစိုက်မှုသည် အဆင့်အားလုံးကို မျှတစွာ လွှမ်းခြုံနိုင်ရမည်ဖြစ်သည်။
အကျဉ်းချုပ်အားဖြင့် အဂတိလိုက်စားမှု ပြဿနာကို ထိရောက်စွာ လျော့နည်းစေနိုင်ခြင်း၊ သို့မဟုတ် ဆက်လက်ပြင်းထန်လာစေနိုင်ခြင်းသည် အစိုးရကိုယ်တိုင် ယင်းပြဿနာအပေါ် မည်မျှအလေးထား၍ အာရုံစူးစိုက်ကာ လက်တွေ့အရေးယူနေသနည်းဆိုသည့် အချက်ပေါ်တွင်သာ မူတည်နေသည်။ အစိုးရ၏ အာရုံစူးစိုက်မှု၊ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်မှုများသည် အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်မည့် အဓိကသော့ချက်ဖြစ်သည်။
နေနောင်
#MNP #News

No comments:
Post a Comment