Polytechnic University (MYITKYINA) ဖွင့်လှစ်ခြင်းဖြင့် ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများဆောင်ရွက်နိုင်သည့်အပြင် အသိပညာမျှဝေခြင်း အကျိုးကျေးဇူးများရရှိမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

Polytechnic University (MYITKYINA) ဖွင့်လှစ်ခြင်းဖြင့် ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများဆောင်ရွက်နိုင်သည့်အပြင် အသိပညာမျှဝေခြင်း အကျိုးကျေးဇူးများရရှိမည်


မြစ်ကြီးနား၊ ဇန်နဝါရီ ၁၀

မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ Jeng Phang နော်တောင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့က Polytechnic University (MYITKYINA) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ ဦးမောင်မောင်အုန်း၊ ဦးဉာဏ်ထွန်း၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်တို့က Polytechnic University (MYITKYINA) ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားတက်ရောက်လာကြသည့် တိုင်းရင်းသား တိုင်းရင်းသူများ၊ ကျောင်းသား ကျောင်းသူများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်းကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက မြန်မာနိုင်ငံတွင် နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းပေါင်း ၆၁ ကျောင်းရှိပြီး ဗန်းမော်၊ လားရှိုး၊ ပင်လုံ၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်၊ မအူပင်တို့တွင်ရှိသည့် နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များကို ပေါင်းစည်းကာ Polytechnic University များအဖြစ် ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ နေပြည်တော်၌ Naypyitaw State Polytechnic University ကိုလည်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ကချင်ပြည်နယ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ကို Polytechnic University အဖြစ် (၉)ကျောင်းမြောက် ဖွင့်လှစ်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။

Polytechnic University ဖွင့်လှစ်ခြင်းဖြင့် ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများဆောင်ရွက်နိုင်သည့်အပြင် အသိပညာ မျှဝေခြင်းကို အကောင်အထည်ဖော်နိုင်မည့် အခွင့်အလမ်းကောင်းများရရှိခံစားရမည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း။

မျက်မှောက် ၂၁ ရာစုသည် ပညာခေတ်ဖြစ်သည်နှင့်အညီ သိပ္ပံနှင့်နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်လာသည့်အတွက် ပညာမဏ္ဍိုင်ကြံ့ခိုင်မှသာ မိမိတို့နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးကိုအခြေခံပြီး ကာယ၊ ဉာဏ၊ ဘောဂ၊ စာရိတ္တနှင့် မိတ္တဟူသည့် ဗလငါးတန်ကို ပြည့်စုံအောင် ဖြည့်ဆည်းကြရမည့်အပြင် မိမိတို့ဒေသ၊ မိမိတို့နိုင်ငံကို အကျိုးပြုမည့် လက်တွေ့ကျသော လေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင့်နှင့် ချိတ်ဆက်သင်ကြား ပေးမည့် Polytechnic University (MYITKYINA) ကိုလည်း ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က Polytechnic University (MYITKYINA) ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က Polytechnic University (MYITKYINA) ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက်ရောက်လာကြသူများနှင့်အတူ Polytechnic University မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာနတို့မှ ကျောင်းသား ကျောင်းသူများက ခင်းကျင်းပြသထားသည့် ပြခန်းများကို စိတ်ဝင်တစားလှည့်လည်ကြည့်ရှုကြသည်။

Polytechnic University (MYITKYINA) ကို နိုင်ငံနှင့် ဒေသအကျိုးပြု အရည်အသွေးပြည့်ဝသည့် အင်ဂျင်နီယာနှင့်ကွန်ပျူတာပညာရှင်များ မွေးထုတ်နိုင်ရန် ဘွဲ့သင်တန်းခြောက်မျိုးကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး နှစ်စဉ် နည်းပညာကျောင်းသား ၁၆၀ နှင့် ကွန်ပျူတာကျောင်းသား ၁၂၀ စုစုပေါင်း ၂၈၀ ကို လက်ခံခေါ်ယူ၍ ပညာသင်နှစ်အလိုက် နည်းပညာ ကျောင်းသား ၈၀၀ နှင့် ကွန်ပျူတာကျောင်းသား ၄၈၀ စုစုပေါင်း ၁၂၈၀ တက်ရောက်ပညာသင်ကြားနိုင်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)