တာမွေ၊ ဖေဖော်ဝါရိ ၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်လည်ထူထောင် ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံးဝင်းအတွင်းရှိ မေတ္တာစံအိမ်၌ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှု ခံယူရန်မှာ မူးယစ်ဆေးဖြတ်လူနာများအတွက် များစွာလိုအပ် ကြောင်း ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းသားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲအခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(ငြိမ်း) ဦးအေးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် “ မူးယစ်ဆေးဖြတ်လူနာများအနေဖြင့် ဆေးရုံတက်၍ မူးယစ်ဆေးဖြတ်ပြီးသည်နှင့် မရပါကြောင်း၊ ဆေးဖြတ်ပြီးပါက သက်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစခန်းတွေမှာ ပြန်လည်ထူထောင်မှုခံယူရပါကြောင်း၊ ပြန်လည် ထူထောင်မှုခံယူပြီးသည့်အခါမှာလည်း စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူရန်မှာ မူးယစ် ဆေးဖြတ်လူနာများအတွက် များစွာလိုအပ်ပါကြောင်း ” စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုမှ ကျောင်းသားလူငယ်ထု ဆက်သွယ်ရေးသံတမန် ဟာသသရုပ်ဆောင် လူရွှင်တော် ဦးချစ်ချောက မူးယစ်ဆေးဖြတ် သင်တန်းသားများအား လမ်းညွှန်ဆုံးမစကားပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များအား အသီးသီး ပေးအပ်ခဲ့ကြပြီး မူးယစ်ဆေးဖြတ်သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က မူးယစ်ဆေးဖြတ် သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံကာ သင်တန်းဆင်း သင်တန်းသား များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်လာမှု အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် သင်တန်းဆင်း သင်တန်းသားများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှု ဆောင်များ၊ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ မေတ္တာစံအိမ်ရှိ မူးယစ်ဆေးဖြတ် သင်တန်းသား များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြကြောင်း၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးစွဲလူနာများအား ရှာဖွေဖော်ထုတ်ခြင်း၊ ဆိုရှယ်မီဒီယာမှ ဆက်သွယ်လာသည့် မူးယစ်ဆေးစွဲလူနာများအား ဆေးရုံသို့ လွှဲပြောင်းညွှန်းပို့၍ ဆေးဖြတ်ပေးခြင်း၊ ဆေးရုံမှ ပြန်ဆင်းလာသည့်အခါ ပြန်လည်ထူထောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြန်လည် ထူထောင်မှုခံယူပြီးသူများအား နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို (၂၄)နာရီ ဝန်ဆောင်မှု ပေးလျက်ရှိပြီး ယခု၂၀၂၆-ခုနှစ် ဇန်နဝါရီလအတွင်း စုစုပေါင်း မူးယစ်ဆေးဖြတ် သင်တန်းသား (၃၁)ဦးကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#News #MNP




No comments:
Post a Comment