တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဒုတိယအကြိမ်မြောက် နှင်ထုတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် ဒုတိယအကြိမ်မြောက် နှင်ထုတ်




နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

တီမောလက်စ်တေအစိုးရက ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူ အပါအဝင် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာမည်ဖြစ်ကြောင်း စာဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း အကြိမ်ကြိမ်ကတိကဝတ်ပြုခဲ့ခြင်းကြောင့် တီမောလက်စ်တေနိုင်ငံ၏ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စအပေါ် မြန်မာနိုင်ငံက မိမိ၏ မူလရပ်တည်ချက်ကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် အာဆီယံ၏တူညီဆန္ဒဖြင့် လိုက်ပါဆောင်ရွက်ခဲ့သည်။ သို့ရာတွင် တီမော လက်စ်တေအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးသည့် နောက်ပိုင်းကာလများတွင်လည်း ၎င်း၏ကတိကဝတ်များနှင့်တာဝန်များကို လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည်ကို လေ့လာတွေ့ရှိရသည်။

တီမောလက်စ်တေသမ္မတသည် မြန်မာတပ်မတော်အရာရှိကြီးအချို့ အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ ၏ ကိုယ်စားလှယ်ဆိုသူများကို ၁၄-၁-၂၀၂၆ ရက်တွင် လက်ခံတွေ့ဆုံခဲ့ရာ အာဆီယံအဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံအကြီးအကဲတစ်ဦးက အခြားသောအာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်နေသည့် တရားမဝင်အဖွဲ့အစည်းတစ်ခုနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသည့်အပြင် အဆိုပါအပြုအမူသည် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တို့တွင် ဖော်ပြပါရှိသည့် အခြေခံမူများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနသည် တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား ၁၆-၁-၂၀၂၆ ရက်တွင်ဆင့်ခေါ်၍ အဆိုပါအပြုအမူကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အသိပေးပြီး တီမောလက်စ်တေအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံ ပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာရန်နှင့် တီမောလက်စ်တေ၏ အပြုသဘော မဆောင်သည့်အပြုအမူအပေါ် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဖြေရှင်းချက်တစ်ရပ်ကို တရားဝင် ပြန်လည်ပေးပို့ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အခြေအနေကို နီးကပ်စွာ ဆက်လက်လေ့လာစောင့်ကြည့်၍ မြန်မာနိုင်ငံအပေါ်ထားရှိသည့် တီမောလက်စ်တေ၏ သဘောထားရပ်တည်ချက် ပြောင်းလဲခြင်းမရှိပါက ပိုမိုပြင်းထန်သည့် အစီအမံများကို ထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် သတိထောက်လွှာတစ်စောင်ကိုလည်း တီမောလက်စ်တေသံရုံးယာယီတာဝန်ခံနှင့်တွေ့ဆုံစဉ် ပေးအပ်ခဲ့သည်။ ဆက်လက်၍ အာဆီယံ ၏အခြေခံမူများနှင့်အလေ့အထများကို ဖောက်ဖျက်သည့် တီမောလက်စ်တေ၏အပြုအမူများကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချသည့် သတင်းထုတ်ပြန်ချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီး ဌာနက ၁၈-၁-၂၀၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကာလအတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် သည် တီမောလက်စ်တေနိုင်ငံခြားရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် ၂၉-၁-၂၀၂၆ ရက် တွင် တွေ့ဆုံစဉ် တီမောလက်စ်တေ၏အပြုအမူကို ပြစ်တင်ရှုတ်ချသည့် မြန်မာအစိုးရ၏ ရပ်တည်ချက်သဘောထားကို ထပ်မံအသိပေးခဲ့ပြီး တီမောလက်စ်တေအစိုးရအနေဖြင့် ၎င်း၏ ကတိကဝတ်များနှင့် အာဆီယံပဋိညာဉ်ပါအခြေခံမူများကို လေးစားလိုက်နာရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုယိုယွင်းသွားစေနိုင်သည့်အရေးကိစ္စများအား ရှောင်ရှားနိုင်ရေးအတွက် ကျိုးကြောင်းဆီလျော်မှုရှိသည့် ဖြေရှင်းချက်တစ်ရပ်ကို တရားဝင်ပေးပို့ရန် ထပ်မံတောင်းဆိုခဲ့ရာ ဝန်ကြီးက ဖြေရှင်းချက်ကို တစ်ပတ်အတွင်းပေးပို့မည်ဟု ကတိပြုခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် တီမောလက်စ်တေဘက်မှ ပေးပို့လာမည့် ဖြေရှင်းချက်ကို စောင့်ဆိုင်းနေသည့်ကာလအတွင်း တီမောလက်စ်တေအစိုးရသည် ချင်းလူ့အခွင့်အရေးအဖွဲ့ ၏ တရားစွဲဆိုမှုကို လက်ခံ၍ အမှုကိုလေ့လာကြည့်ရှုရန် ဝါရင့်ရှေ့နေတစ်ဦးကို ခန့်အပ်တာဝန် ပေးအပ်ခဲ့ကြောင်း ဖော်ပြပါရှိသည့်သတင်းများကို စိတ်ပျက်ဖွယ်ရာ တွေ့ရှိရသည်။ တရားစွဲဆိုမှု ကိုလက်ခံသည့် အလားတူဖြစ်စဉ်မျိုး အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ယခင်ကမရှိခဲ့ဖူး သဖြင့် ဤဖြစ်စဉ်သည် ယခင်ကမရှိခဲ့ဖူးသည့်အစဉ်အလာနှင့် အပြုသဘောမဆောင်သည့်ဘက်မှ အဓိပ္ပါယ်ကောက်ယူမှုများကို ဖြစ်ပေါ်စေခဲ့သည့်အပြင် မြန်မာပြည်သူများ၏နာကြည်းခံပြင်းမှု များကိုလည်း ပိုမိုမြင့်တက်စေခဲ့သဖြင့် နောက်ဆုံးတွင် အကျိုးဆက်အဖြစ် မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ လက်ရှိနှစ်နိုင်ငံဆက်ဆံရေးအပေါ် မလိုလားအပ်သည့်တန်ပြန် ဆိုးကျိုးများ သက်ရောက်စေခဲ့သည်။

ယခင်ကလည်း အကြိမ်ကြိမ် ထောက်ပြပြောဆိုခဲ့သည့်နည်းတူ တီမောလက်စ်တေ သမ္မတ၏ အပြုသဘောမဆောင်သည့် ပြုမူဆောင်ရွက်ချက်များနှင့် ချဉ်းကပ်မှုပုံစံများသည် အာဆီယံပဋိညာဉ်ပါအခြေခံမူများ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကသော်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်မဟုတ်သည့် အခြားနိုင်ငံတစ်နိုင်ငံကသော်လည်းကောင်း၊ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းတစ်ခုခုကသော်လည်းကောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်မှုတို့ကို ခြိမ်းခြောက်ရေး အတွက် မိမိ၏ပိုင်နက်နယ်မြေကို အသုံးပြုခွင့်ပြုခြင်းမှ ရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည့် ပဋိညာဉ် အပိုဒ် ၂၊ အပိုဒ်ခွဲ ၂ (က) ၊ (င) နှင့် (ဋ) ပါ အချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့၏ နှစ်နိုင်ငံအစိုးရတို့အကြား ဆက်ဆံရေး ကောင်းမွန်မှုရှိသော်လည်း တီမောလက်စ်တေ သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်ရေးကို မကြာခဏ ဝင်ရောက်စွက်ဖက်နေသည့်အတွက်ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာ အား ၁၃-၂-၂၀၂၆ ရက်တွင် ဆင့်ခေါ်၍ သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၁) အပိုဒ် ၉ နှင့် အညီ ၂၀-၂-၂၀၂၆ ရက်မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ၎င်းအား ညွှန်ကြားခဲ့ပြီး အကယ်၍ တီမောလက်စ်တေအနေဖြင့် မြန်မာ နိုင်ငံအပေါ်ထားရှိသည့် ၎င်း၏ ရပ်တည်ချက်သဘောထားများ ပြောင်းလဲခြင်းမရှိသေးပါက ပိုမိုပြင်းထန်သည့်အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းကိုလည်း အသိပေး ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံများအကြား တန်းတူရည်တူရှိရေး၊ အပြန်အလှန်လေးစားရေး၊ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ အချုပ်အခြာအာဏာလေးစားရေးနှင့် အာဆီယံပဋိညာဉ်နှင့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးသဘောတူ စာချုပ်ပါအခြေခံမူများကို လေးစားလိုက်နာရေး စသည့်မူဝါဒများအပေါ်တွင်အခြေပြု၍ နိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းထားရှိရန် ဆက်လက်ကတိကဝတ်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)