ပေါက်ခေါင်း၊ ဖေဖော်ဝါရီ ၉
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရ ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း သည် ပေါက်ခေါင်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ (၂/၂၀၂၆) ကို ပြုလုပ်ခဲ့ကြောင်း သူ၏ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည်။
အဆိုပါ ပေါက်ခေါင်းမြို့ ဒေသဖွံဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ (၂/၂၀၂၆) နှင့် ပတ်သက်၍ ဦးမျိုးဇော်သိမ်း က "ပေါက်ခေါင်းမြို့နယ် ဒေသဖွံဖြိုးတိုးတက်ရေး (ဒုတိယအကြိမ်) အစည်းအဝေးကို မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနဲ့အတူ အစဉ်အလာလည်းရှိ မင်္ဂလာလည်းအပြည့်ရှိတဲ့ လေးမျက်နှာဘုရားဝင်း ကဇာတ်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ ပေါက်ခေါင်းဒေသအတွက် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုပေးမယ့်လုပ်ငန်းများကိုလည်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသလို ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များဆောင်ရွက်ပုံ အဆင့်ဆင့်ကို မြို့မိမြို့ဖများသို့ ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ မြို့မိမြို့ဖများကလည်း ဆက်လက်ဆောင်ရွက်ပေးစေလိုသည့်လုပ်ငန်းများအား တင်ပြဆွေးနွေးကြသလို ဌာနအလိုက်တာဝန်ရှိသူများကလည်း နှစ်အလိုက် သတ်မှတ်ဘဏ္ဍာရေးခွင့်ပြုချက်အရ ဖြစ်နိုင်ခြေများအား အပြန်အလှန်ဆွေးနွေးဖြစ်ကြပါတယ်။ ယခုလို မြို့မိမြို့ဖတွေနဲ့ ဒေသဆိုင်ရာတာဝန်ရှိသူများတွေ့ဆုံမှုဟာ ဒုတိယအကြိမ်ဖြစ်ခဲ့ပြီး နောင်မှာလည်း (၃)လတစ်ကြိမ် ကျင်းပနိုင်ရေး တိုက်တွန်းပြောကြားခဲ့သလို ကိုယ့်မြိုကိုယ့်ရွာကို လာရောက်တာဝန်ထမ်းဆောင်နေကြတဲ့ ဒေသဆိုင်ရာတာဝန်ရှိသူများအပေါ် မိသားစုသဖွယ် သဘောထားပြီး ဝိုင်းဝန်းကူညီပေးဖို့၊ တာဝန်ရှိသူများကိုလည်း ကိုယ့်မြို့ကိုယ့်ရွာလို သဘောထားဖိုလည်းပြောဖြစ်ခဲ့ပါတယ်" ဟု ဆိုသည်။
အစည်းအဝေးမှာတော့ "မြို့၏အရေးအရာများဆောင်ရွက်ရာတွင် မြို့မိမြို့ဖအဖွဲကို ရပ်ကွက်အားလုံးမှ အရွယ်(၄)ပါးမျှတစွာပါစေရေး၊ ကဏ္ဍအလိုက် အမျိုးသားများအပြင် အမျိုးသမီးများပါဝင်လာအောင် မျှတစွာဖွဲစည်းနိုင်ရေး" တို့ကိုဆွေးနွေးခဲ့ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လျှပ်စစ်မီးရရှိရေး၊ စည်ပင်သာယာနှင့် လမ်းတံတား စသည့် နယ်ပယ်စုံ ကဏ္ဍအလိုက် ပြည့်ပြည့်စုံစုံဆွေးနွေးနိုင်ခဲ့ကြောင်း၊ မြို့မိမြို့ဖနဲ့ ဌာနဆိုင်ရာများ စည်းလုံးညီညွတ်မှုပြသခြင်းကို တွေ့မြင်ခဲ့ရတဲ့အတွက် တိုးတက်လာမည်မှာ မလွဲဧကန်လို ဆိုရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဒေအကျိုး ဖော်ဆောင်ကြရာတွင် “မျှော်လင့်ချက်၊ မျှော်မှန်းချက်ကို ရှေ့တန်းမတင်ဘဲ ရည်ရွယ်ချက်၊ ရည်မှန်းချက် တို့ကိုဦးတည် ဆောင်ရွက်စေလို” ကြောင်း၊ “ဘာပဲလုပ်လုပ်စေတနာထားလုပ် “ ဆိုသည့် စိတ်ဖြင့် ဆောင်ရွက်ကြဖို့ ဦးမျိုးဇော်သိမ်း က တိုက်တွန်းခဲ့ကြောင်း သိရသည်။
#MNP #News






No comments:
Post a Comment