ပခုက္ကူ ၊ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာရှိ ဟိန်းစည်စက်သုံးဆီအရောင်းဆိုင်၌ ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၄ နာရီ ၂၂ မိနစ်က မော်တော်ယာဉ်ပေါ်မှ 92 ဓာတ်ဆီပေပါအား ဆီလှယ်ရန်ဂေါက်ဖြင့် ဖွင့်နေစဉ် မီးပွင့်ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၄ နာရီ ၂၂ မိနစ်အချိန်ခန့်က ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာနေ ဦးဇော်ဝင်းမောင် ပိုင်ဆိုင်သော ဟိန်းစည်စက်သုံးဆီအရောင်းဆိုင်၌ ဆိုင်အလုပ်သမား မောင်အာကာဖြိုးက မော်တော်ယာဉ်ပေါ်မှ 92 ဓာတ်ဆီပေပါအား ဆီလှယ်ရန် ဂေါက်ဖြင့် ဖွင့်နေစဉ် မီးပွင့်ရာမှတစ်ဆင့် မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ရှိ 92ဓာတ်ဆီ (၁၀၀)ဂါလန်၊ ပေပါ ၂လုံး၊ မော်တော်ယာဉ် ခေါင်းခန်းထိုင်ခုံနှင့်တာယာ (၃)လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဦးဇော်ဝင်းမောင်မှာ ယာဘက်လက်မောင်း အရေပြားမီးအပူဟပ်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ ပခုက္ကူခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း ဦးဆောင်မှုဖြင့် မြိုနယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များက အုပ်ချုပ်မှုယာဉ် တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် လေးစီး၊ မီးသတ်ရေသယ်ယာဉ် သုံးစီးတို့ဖြင့် ထွက်ခွာပြီး ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄နာရီ ၃၈မိနစ်အချိန်တွင် လုံးဝမီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ ပေါ့ဆသူ ဆိုင်အလုပ်သမား မောင်အာကာဖြိုးအား ပခုက္ကူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)
https://t.me/MyanmarNationalPost
No comments:
Post a Comment