နေပြည်တော်၊ ဖေဖော်ဝါရီ ၉
၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၇)ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC1) ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အဖွင့်အမှာစကားပြောကြားရာ နိုင်ငံ၏ အကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝများကို ဖြစ်ထွန်းပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ်သည့်စနစ်ဟု ပြောနိုင်သော်လည်း ယင်းစနစ်ကို ကျင့်သုံးနိုင်ရန်အတွက် ဆောင်ရွက်ကြရသည့် ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များကို “ဒီမိုကရက်တိုင်ဇေးရှင်း” ဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြောရလျှင် ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းရာတွင် ချက်ချင်းလက်ငင်းပြီးပြီးရောပြောင်းလဲပေး၍မရဘဲ အဆင့်ဆင့်ကူးပြောင်းရခြင်းကို ဒီမိုကရက်တိုင်ဇေးရှင်းဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း၊ ယင်းအဆင့်ကို ရောက်ရန်ဆိုပါက မိမိတို့လူ့အဖွဲ့အစည်းအားလုံးက ပကတိအခြေအနေကို မျက်နှာမူကြရပါကြောင်း၊ လက်တွေ့မကျသည့် ဆွဲဆောင်စည်းရုံးမှုများကို အများအကြိုက် လှုံ့ဆော်နှိုးဆွပေး၍ မရသကဲ့သို့ မိမိတို့၏ စိတ်ဆန္ဒများကို ရှေ့တန်းတင်၍ ချဉ်းကပ်၍လည်း မဖြစ်နိုင်ကြောင်း၊ ဒီမိုကရက်တိုင်ဇေးရှင်းအခြေတည်ရာ လူ့အဖွဲ့အစည်း၏ လူမှုစီးပွားအနေအထားများ၊ လူမှုအုပ်စုများ၏ စုဖွဲ့ဖြစ်တည်ပုံများနှင့် နိုင်ငံရေးယဉ်ကျေးမှုတို့၏ အပေါ်တွင်သာ အခြေခိုင်ခိုင်ဆောင်ရွက်ရသည့် သဘောရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရက်တိုင်ဇေးရှင်းပုံစံများ မျိုးစုံရှိကြသော်လည်း မိမိတို့ မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုင်ဇေးရှင်းပုံစံမှာ ဒီမိုကရေစီစံနှုန်းများကို အခြေပြုစတင်ခဲ့ခြင်းမဟုတ်ကြောင်း၊ တိုင်းပြည်၏ ပကတိအခြေအနေဖြင့် လူမှုစီးပွားဖြစ်ထွန်းမှုများ၊ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဓလေ့ဖွံ့ဖြိုးမှုများအပေါ် အခြေခံစဉ်းစား ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းပြီးပုံစံ (Imposed Transition) ဖြင့် ကူးပြောင်းခဲ့ရသည့် ပြောင်းလဲမှုဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် မပျက်မကွက် လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကြီးတစ်ခုဖြစ်သည်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ်များနှင့် ပြည်သူအားလုံးက သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း" ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံ၏ အကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် ပိုမိုကောင်းမွန်သည့် လူမှုစီးပွားဘဝများကို ဖြစ်ထွန်းပေါ်ပေါက်လာအောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကမ္ဘာကြီး၏ မျက်မှောက်အခြေအနေအရဖြစ်စေ၊ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအရဖြစ်စေ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံးအမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးတာဝန်များပင်ဖြစ်ပါကြောင်း ပြောကြားသွားသည်။
#MNP #News

No comments:
Post a Comment