မိတ္ထီလာ ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား နွေစပါးများ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ပျိုးရန် စိုက်ဧက ၁၀၉၀ လျာထားသတ်မှတ်ထားပြီး ၎င်းစိုက်ပျိုးရန် သတ်မှတ်လျာထားသည့် စိုက်ဧကများအနက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမည့် ကျေးရွာအုပ်စု ၉ အုပ်စုမှ ကျေးရွာ ၁၉ ရွာရှိ တောင်သူ ၃၃၅ ဦးက ကွင်း ၁၂ ကွင်းဖြင့် နွေစပါးစိုက်ပျိုးဧက ၈၉၀ အား စိုက်ပျိုးသွားမည်ဖြစ်သည်။ ယင်းသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရာတွင် သက်ဆိုင်ရာ ဌာနများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နွေစပါးစိုက်ဧက တစ်ဧကလျှင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ နှစ်သိန်းငါးသောင်းကျပ်အား အကျိူးတူ ကုမ္ပဏီအား ပေးအပ်၍ ၎င်းကုမ္ပဏီမှ နွေစပါးစိုက်တောင်သူများအား ငွေကျပ် နှစ်သိန်းငါးသောင်းတန်ဖိုးနှင့် ညီမျှသည့် စပါးမျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါပေးအပ်သည့် ကုမ္ပဏီအား ငွေကျပ် နှစ်သိန်းငါးသောင်းနှင့် ညီမျှသည့် နွေစပါးများကို ကာလပေါက်စျေးနှုန်းဖြင့် ပြန်လည် ပေးအပ်ရမည်ဖြစ်သည်။
အဆိုပါ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် နွေစပါးစိုက်တောင်သူများအား စိုက်ပျိုးရေးရှေ့တန်းတာဝန်ခံများက စပါးမျိုးစေ့များအား ကျေးရွာအရောက် ကွင်းဆင်း၍ ဖြန့်ဝေပေး လျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမည့် နွေစပါးစိုက်ဧကများတွင် GW-11၊ မှော်ဘီကောက်ညှင်း၊ ဆင်းသုခ၊ အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း-၂ နှင့် မနောသုခမျိုးစပါးများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
#News #MNP

No comments:
Post a Comment