ရွှေဆိုင်များမှာ သတ်မှတ်ဈေးအတိုင်းရောင်းနေသော်လည်း ပြင်ပပေါက်ဈေးရောက်အောင် အလျော့တွက်များ အဆမတန် ရယူနေကြောင်း ရွှေဝယ်ယူသူများပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဆိုင်များမှာ သတ်မှတ်ဈေးအတိုင်းရောင်းနေသော်လည်း ပြင်ပပေါက်ဈေးရောက်အောင် အလျော့တွက်များ အဆမတန် ရယူနေကြောင်း ရွှေဝယ်ယူသူများပြော


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ကို ရွှေဈေးကမောက်ကမဖြစ်အောင် လုပ်မှုဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ပြီးနောက် ယခု အခါ ရွှေဆိုင်များတွင် ရွှေဈေးကို အစိုးရ သတ်မှတ်ဈေးအတိုင်း ရောင်းချလျက်ရှိသော်လည်း အလျှော့တွက်များ အဆမတန် ရယူနေကြောင်း ရွှေဝယ်ယူသူများ ကြုံတွေ့နေရသည့် အခြေအနေကို ဆက်သွယ်ပြောဆိုထားသည်။

ရွှေဝယ်ယူသူတစ်ဦး က "ဆိုင်တွေက နိုင်ငံတော်သတ်မှတ်ဈေးနဲ့ ရောင်းနေတာဗျ။ ဒါပေမယ့် ၁၆ပဲရည်ဆို သူတို့က မရောင်းဘူး။ ပြန်ဝယ်တယ်။ ၁၅ပဲရည်ဆို အလျော့တွက် တအားယူနေတာဗျာ။ နမူနာအနေနဲ့ ၁၅ပဲရည် ၅မူးသား ပစ္စည်းတစ်ခု ဝယ်တော့မယ်ဆိုရင် ရွှေဈေးအရ တန်ဖိုး ၃၃သိန်း၊ အခွန်နဲ့ အလျော့တွက်နဲ့ဆို ၄၀ ဝန်းကျင်ကျမယ်ပေါ့ဗျာ။ အခုက အဲဒီလို မဟုတ်တော့ဘူး။ ၅မူးသား လုပ်ရင် အလျော့တွက်တန်ဖိုးက ရွှေဈေးနီးပါးယူတာဆိုတော့  ၅၀ ကျော်လောက် ဖြစ်နေတယ်။ အပြင်ပေါက်ဈေးကို ရောက်အောင် အလျော့တွက်နဲ့ တွက်ပြီး ယူတဲ့ ပုံစံမျိုးတွေ လုပ်နေတာပါ" ဟု ပြောသည်။

ရွှေဈေးကျသဖြင့် ရွှေသွားလုပ်သည့် အမျိုးသမီးတစ်ဦး က "တစ်ကျပ်သားလက်ကောက်တစ်ကွင်းကို အလျော့တွက် သိန်း ၃၀ ကျော်တဲ့။ အခု ရွှေဆိုင်ကနေပြန်လာတာ။ ဘယ်ဆိုင်လည်းလို့ မပြောတော့ဘူး သိလား။ အချိန်တန်တော့လေ မရှိတဲ့သူတွေကို မဟုတ်က ဟုတ်က ပြောတယ်။ ကျွန်မက ရွှေဈေး သိန်းတစ်ရာဖြစ်လည်း မှတ်မှတ်ရရ သွားလုပ်တယ်။ ရွှေဈေးကျတယ်ဆိုတော့လည်းလေ ဒီနေ့တော့ မှတ်မှတ်ရရလေး ရွှေလုပ်အုံးမယ်ဆိုပြီး သွားတာ။ ရှင်းပြလိုက်အုံးမယ်။ မသိတဲ့သူတွေကတော့ သိမှာ မဟုတ်ဘူး။ ကိုယ်လည်း နားလည်လို့လား၊ သိလို့လား မေးရင် မသိဘူး။ တစ်ကျပ်သား လက်ကောက်တစ်ကွင်းလုပ်တာကိုလေ ရွှေဈေးကတော့ ဟုတ်တယ်တဲ့ ၁၅ပဲရည်ကို ၆၇ သိန်းတဲ့။ အခေါက်ရွှေကရောဆိုတော့ ၆၉ သိန်းတဲ့။ အော် ကိုယ်ကတော့ တကယ်ရွှေဈေးချရောင်းတယ်ပေါ့။ ဟိုဟာပြ ဒီဟာပြ။ ကျွန်မက တစ်ကျပ်မပြည့်ရင်၊ နှစ်ကျပ်မပြည့်ရင် မလုပ်ဘူး။ နားမလည်လို့ တွက်တတ်အောင်လို့။ ကျန်တဲ့ဟာတွေ လျောက်ကြည့်တယ်။ အော်ရွှေဈေးကတယ်ကျတာပဲပေါ့။ လူတွေက မသိတော့ နားကပ်လေးတွေ၊ လက်စွပ်လေးတွေ ၁၀သိန်းတန်၊ ၅ သိန်းတန် သွားလုပ်ကြမယ်။ မသိရင် သွားမလုပ်နဲ့။ အရမ်းဝတ်ချင်ရင် အတုသာ ဝယ်ဝတ်လိုက်တော့ သိလား။ တစ်ကျပ်သား လက်ကောက်တစ်ကွင်းကို အလျော့တွက် လက်ခ သိန်း ၃၀ကျော်တဲ့ သိလား။ တစ်ကျပ်သား လက်ကောက်တစ်ကွင်း ဝတ်ဖို့ကို အလျော့တွက်လက်ခ သိန်း ၃၀ကျော်ဆိုတော့ ဘာထူးလဲ။" ဟု ပြောဆိုထားသည်။

ရန်ကုန်တိုင်းဒသေကြီး ရွှေလုပ်ငန်းရှင်များအသင်း က ယနေ့ (၁၀-၂-၂၀၂၆) ရက်နေ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး ၁ကျပ်သား ဈေးနှုန်း ကို (၆၉၀၀၀၀၀) ကျပ် ထုတ်ပြန်ထားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)