နိုင်ငံ့စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံ့စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မှာကြား


နေပြည်တော်၊ ဖေဖော်ဝါရီ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား ယမန်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် နိုင်ငံ့စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

ဗိုလ်ချုပ်မှူးကြီး က ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ပြီး စီးပြီဖြစ်သဖြင့် မကြာမီကာလအတွင်း လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာလွှတ်တော်အဆောက်အဦများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း။ မိမိတို့လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်မှတ်တမ်းများကို စနစ်တကျဖြင့် ပြုစုဆောင်ရွက်ထားကြရန်လိုကြောင်း၊ “နှုတ်တစ်ရာစာတစ်လုံး” ဆိုသည့်အတိုင်း ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များအလိုက် အချက်အလက် များမှန်မှန်ကန်ကန်ဖြင့် စနစ်တကျမှတ်တမ်းတင်ပြုစုထားရှိရန်လိုကြောင်း၊ နောင်တက်လာမည့် အစိုးရအဖွဲ့အနေဖြင့် အချက်အလက်များ မှန်မှန်ကန်ကန်ဖြင့် နိုင်ငံတော်တာဝန်များကို ချောချောမွေ့မွေ့ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း ပြောသည်။

ဆက်လက်၍ ဗိုလ်ချုပ်မှူးကြီး က နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျန်ရှိနေသည့် အချိန်အတွင်း နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ရသမျှအချိန်အတွင်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရတွင် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။ စိုက်ပျိုးရေးလုပ်ငန်းများကို တစ်ဧကအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်သွားကြရန်လိုပြီး သီးထပ်စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် စတင်တာဝန်ယူချိန်မှစတင်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ထိုက်သင့်သလောက်သာအောင်မြင်မှုရရှိခဲ့ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဆီထွက်သီးနှံများအား ကုန်ကြမ်းများအဖြစ် ပြည်ပသို့တင်ပို့ခြင်းထက် ပြည်တွင်းဆီထုတ်လုပ်မှုကို အထောက်အကူပြုစေမည့် ဆီထွက်သီးနှံကို စိုက်ပျိုးထုတ်လုပ်စေလိုကြောင်း၊ သို့မှသာ ပြည်တွင်းဆီဖူလုံမှုများ တိုးတက်လာမည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် နိုင်ငံ၏ဝင်ငွေများ နှစ်စဉ်လျော့နည်းလျက်ရှိသဖြင့် ဝင်ငွေများပိုမိုတိုးတက်လာစေရေး တစ်ဧကပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်ပဝင်ငွေများပိုမိုရရှိလာပြီး ပြည်တွင်းစီးပွားရေးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နောင်တက်လာမည့် အစိုးရအတွက် အထောက်အကူပြုစေရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ရမည်ဖြစ်ကြောင်း မှာကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)