ထူးမြတ်လှသည့်လတပေါင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ထူးမြတ်လှသည့်လတပေါင်း

Uploading: 2973696 of 3914630 bytes uploaded.


မင်းဘူး   ၊ ဖေဖေယ်ဝါရီ ၂၇

တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလဝက်သည် ဆောင်းရာသီတွင် ကျရောက်ပြီး၊ ဒုတိယလဝက်ကား နွေရာသီတွင် ကျရောက်သည့် တပေါင်းလသည် ဆောင်းတစ်ဝက် နွေတစ်ဝက်ဖြစ်၍၊ နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်းဟု လူတို့ ဆိုစမှတ်ပြုကြသည်။ နှစ်တစ်နှစ်၏ အဆုံးသတ်လဖြစ်ပြီး၊ ရက် ၃၀ ရှိ၍ ရက်စုံသောလဖြစ်သည်။ ဆောင်းကုန်နွေစ သာယာလှသော လရာသီဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို  ရေးဖွဲ့မကုန်နိုင် ဖြစ်ရသည်။

တပေါင်းလ၏ အမည်မှာ ထန်းပင်နှင့် သက်ဆိုင်သောအမည်ဖြစ်သည်။ ထန်းဖိုပင်များမှ ခံယူရရှိသည့် ထန်းရည်ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက်ပြုလုပ်သည့် လဖြစ်သည်။ ၂၇ လုံးသော နက္ခတ်များ စုပေါင်းထွက်ပေါ်ခြင်းကြောင့်လည်းကောင်း၊ ထန်းရည်များ ပေါင်းစပ်ကျိုချက်သဖြင့် ထန်းပေါင်းဟူသော စကားမှ ရွေ့လျားလာခြင်းကြောင့်လည်းကောင်း တပေါင်းလဟု ခေါ်တွင်သည်ဟု ဆိုသည်။ ဗေဒင်အလိုအားဖြင့်ကား တပေါင်းလသည် မိန်ရာသီဖြစ်သည်။ မိန်ရာသီ၏ အရုပ်မှာ ငါး ၂ ကောင်ဖြစ်သည်။ စန်းယှဉ်နက္ခတ်ကား ဖလဂုနီတည်း။ ဤလ၏ အထိမ်းအမှတ်ပန်းသည် သရဖီပန်း (Calophyllum amnenum) ဖြစ်သည်။

ယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော်ဖြစ်သည်။ သို့သော် သဲပုံစေတီပွဲတော်သည် ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်း မှေးမှိန်သွားကာ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။ တပေါင်းလသည် ရာသီဥတုသာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ယင်းလတွင် မြစ်များ ချောင်းများ ရေစစ်ကာ သောင်ခုံ သဲပြင်များ ပေါ်ထွန်းသဖြင့် သဲပုံစေတီတည်သော ရာသီပွဲများ ကျင်းပလေ့ရှိသည်ဟု စာဟောင်း ပေဟောင်းများ၌ အဆိုရှိခဲ့၏။ ထိုလ၌ နေထွက်ချိန်မှာ ၆ နာရီ ၁ဝ မိနစ်ဖြစ်၍၊ နေဝင်ချိန်မှာ ၅ နာရီ မိနစ် ၅ဝ ဖြစ်သည်။ နေ့တာအနည်းငယ်တို၍ ညတာအနည်းငယ် ရှည်သည်။ တပေါင်းလသည် ဆောင်းကြွင်းနွေဦးလဖြစ်သဖြင့် သစ်ပင်များရွက်ဟောင်းစွန့်၍ ရွက်သစ်လွန်ကာ အညွန့်အညှောက်များ ပေါ်ထွက်ခြင်းဖြင့် တင့်တယ် လှပသာယာလှပေသည်။ မြန်မာစာပေလောကတွင် ရှေးစာဆိုအများသည် တပေါင်းလကို အထူးဖွဲ့ဆိုရေးသားခဲ့ကြလေသည်။ အင်းဝခေတ် ရဟန်းစာဆို ရှင်ဥတ္တမကျော်သည် သူ၏တောလား ကဗျာကြီး၌ တပေါင်းလ၌ တင့်တယ်သာယာပုံကို

လေခ မြေသက်၊ ဈာန်ဝိတက်သို့၊

သစ်ရွက်ယော်ယီ၊ ဣန္ဒနီဝယ်၊

သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊

ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊

တောလုံးလင်းသား’ဟု ချီးကျူးဖွဲ့ဆိုခဲ့သည်။

ရှင်အုံးညိုကလည်း တပေါင်းလ၏ ကြည်နူးရှုချင်ဖွယ် ကောင်းပုံကို ဂါထာ ၆ဝ ပျို့တွင် ကာဠုဒါယီအမတ် မြတ်စွာဘုရားအား လျှောက်ကြားသည့်ဟန် ဖွဲ့နွဲ့စပ်ဆိုခဲ့၏။

ကုန်းဘောင်ခေတ် ပြဇာတ်ဆရာကြီးဦးကြင်ဥကမူ

‘‘ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်

သဇင်ကြွင်းငယ် နှင့်၊ အင်ကြင်းသန္တာညွန့်ငယ်တို့၊ ဖူးကွန့်ကိုက်စည်

ဘမရာရွှေပိတုန်းငယ်တို့၊ ချွေသုံးကြဝတ်ရည်၊ ဆွတ်ကြည်ဘွဲ့ဖော်ကွဲ

ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်၊ ရာသီတွင်ခါညီပြောပေပ၊ ကြော၍သာမြဲ”

ဟု တပေါင်းလ၏ စာပန်းချီကို ရွေးချယ်သီကုံးခဲ့ပေသည်။

တပေါင်းလသည် ကျေးလက်တောရွာနေ တောင်သူလယ်သမားတို့၏ လုပ်ငန်းသိမ်းချိန်၊ စပါးပေါ်ချိန်၊ လက်မှာငွေကြေးရွှင်ချိန်ဖြစ်၍ ကျေးလက်ဒေသများတွင်ဆိုင်းသံ၊ ဗုံသံတညံညံနှင့် လှူကြတန်းကြပျော်ရွှင်ကြသော အချိန်အခါသမယလည်းဖြစ်ပါသည်။ သက်တော်ထင်ရှား မြတ်စွာဘုရားရှင်အား ပူဇော်သောအားဖြင့် သာသနာတော်ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ကြသော ဗုဒ္ဓဘာသာဝင်တို့၏ ထူးမြတ်သော ရိုးရာဓလေ့ အလှူပွဲပင်ဖြစ်ပေသည်။

တပေါင်းလသည် ဥတုသုံးလီတွင် ဂိမှာန်ရာသီ နွေရာသီတွင်ပါဝင်ပြီး မြေပြင်တစ်ခုလုံး ခြောက်သွေ့လျက် ခြေခင်းလက်ခင်း သာယာသောလဖြစ်သည်နှင့်အညီ ယာဉ်ကြီးယာဉ်ငယ် အသွယ်သွယ်တို့ဖြင့် ကူးသန်းရောင်းဝယ်သူများက ကူးသန်းသွားလာနေကြသလို လုပ်ငန်းခွင်အနားယူချိန်၊ ပညာသင်အရွယ် ကျောင်းသားကျောင်းသူများ အားလပ်ရက်လည်းဖြစ်သောကြောင့် မြန်မာပြည်အနှံ့ ဘုရားစုံဖူးနိုင်ကြသည့် ရာသီအခါလည်း ဖြစ်ပေသည်။ တပေါင်းလသည် လူသားတိုင်းအတွက် အားရတက်ကြွဖွယ်၊ ဝမ်းမြောက်ပျော်ရွှင်မှုရသများ ယှက်သန်းလျက် လွတ်လပ်မှုကို ဝေမျှခံစားစေသော လလည်းဖြစ်ပါသည်။ စိတ်အပန်းဖြေ ခရီးထွက်ခြင်းသာ မဟုတ်ဘဲ မြတ်စွာဘုရားရှင်၏ ဂုဏ်တော်အနန္တ၊ ဉာဏ်တော်အနန္တတို့အား ရည်မှန်းတည်ထားတော်မူသည့် ဘုရားစေတီပုထိုးများအား လှည့်လည်၍ ဖူးမြော်ကြည်ညိုကြသူများလည်း ရှိကြသည်။

ဆောင်းကုန် နွေပေါက်ကာလဖြစ်သဖြင့် မြန်မာပြည်အနှံ့တွင် ဆိုင်းသံ၊ ဗုံသံများနှင့်အတူ ဘုရားပွဲတော်များနှင့် စည်ကားသည်မှာလည်း တပေါင်းလ၏ ထူးခြားမှုတစ်ခုဖြစ်ပါသည်။ ဘာသာရေးကိုအခြေခံ၍ ကျင်းပသော ပျော်ပွဲရွှင်ပွဲများတွင် တပေါင်းပွဲတော်သည် အစည်ကားဆုံးဖြစ်သည်။ များစွာသော စေတီပုထိုးများ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယဘုရားပွဲတော်များသည် တပေါင်းလတွင် အများဆုံးကျင်းပကြသည်မှာလည်း ထူးခြားချက် တစ်ရပ်ဖြစ်ပါသည်။

ထိုသို့သော တပေါင်းလဘုရားပွဲများတွင် သဲပုံစေတီပွဲတော်သည် တစ်မူထူးခြားလှပါသည်။ “ရာသီမိန်ငယ် ဂိမှာန်ရက်ပြောင်း၊ လတပေါင်းမြို့၊ ရွက်ဟောင်းကြွေကာ၊ ဥတ္တရာနှင့်၊ ကြယ်မှာဘဒြပိုဒ်၊ လေးချက်ချိန်ကို၊ တိမ်ချေစိုက်လို့၊ စရိုက်ကယ်ဖွေရှာ၊ ကိုတံငါလည်း၊ သာဒေါင်ဒင်၊ ပျော်မြူးသာ ရွှင်တော့တယ်၊ သဘင်လှခါမီကို၊ သဲစေတီငွေသောင်ကမ်းက၊ လွမ်းလှတယ်လေး” ဟူသော မဟာအတုလမင်းကြီးဖွဲ့ဆိုသော တပေါင်းလဖွဲ့ စာပန်းချီနှင့်အညီ မိန်ရာသီလတပေါင်း၏ ရာသီပွဲတော်ဖြစ်သည့် သဲပုံစေတီပွဲတော်ကို နှစ်စဉ်တပေါင်းလရောက်တိုင်း ကျင်းပမြဲဖြစ်ကြောင်း သိရှိနိုင်ပါသည်။ တပေါင်းလသည် ရာသီဥတုသာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ထိုတပေါင်းလတွင် ဘုရားရှင် ကပိလဝတ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ ၁၀ဝ၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်။ နောင်အခါအရဟတ္တဖိုလ် တည်သွားသည်။ ဗုဒ္ဓဘုရားရှင် ကပိလဝတ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော်ဂေါတမီလည်း သောတာပန်တည်သည်။ ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။ ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။ သားတော်ရာဟုလာ သာမဏေဘဝသို့ ရောက်ရှိသည်။ သာကီဝင်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းမှတ်တမ်းများ၌ တွေ့ရသည်။ ဤသို့ တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်ပေသည်။

ဇေယျာနိုင်(ရွှေကန်မြ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)