မတ္တရာ၊ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးရုံအခြေပြု အသက်၂နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင် ထိုးနှံပေးခဲ့ရာ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များမှ ကလေးငယ် ၈၉၂ ဦးနှင့် ကိုယ်ဝန်ဆောင် ၁၁၃ ဦးတို့ လာရောက်ထိုးနှံခဲ့ကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် ၂ လသားအရွယ်မှ အသက် တစ်နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး(အိုင်ပီဗွီ)၊ ဂျပန်ဦးနှောက် ရောင်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဝက်သက် ဂျိုက်သိုးရောဂါကာကွယ်ဆေး(၁၂)မျိုးတို့ကို ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးများတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက်ရှိသည်။
မတ္တရာမြို့နယ်မှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များအပြင် စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်း မြို့နယ်တို့ရှိ ကျေးရွာများမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်များပါ လာရောက်ထိုးနှံကြကြောင်း၊ ဖေဖော်ဝါရီ ၂ရက်က ကလေးငယ် ၇၂၀ နှင့် ကိုယ်ဝန်ဆောင် ၁၀၂ ဦး၊ ဖေဖော်ဝါရီ ၃ ရက်တွင် ကလေးငယ် ၁၇၂ဦးနှင့် ကိုယ်ဝန်ဆောင် ၁၁ ဦး စုစုပေါင်း ၁၀၀၆ ဦးရှိကြောင်း မြို့နယ်ဆရာဝန်ကြီးမှ ပြောသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ကိုယ်ဝန်ဆောင်များကို ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးသွားမည်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရွှေရာသား
#MNP #News

No comments:
Post a Comment