[၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်) တနင်္လာနေ့]
နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးသို့ ကာယသာမဂ္ဂီ၊ စိတ္တသာမဂ္ဂီပေးကာ ကြွရောက်တော်မူလာကြကုန်သော နိုင်ငံတော်သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ဘုရား။
ဆရာတော်အရှင်မြတ်တို့သည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွား တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါစေဟု အာသီသပတ္ထနာပြုလျက် နှုတ်ခွန်းဆက်စကား ရှေးဦးစွာလျှောက်ထား အပ်ပါသည်ဘုရား။
ယနေ့အစည်းအဝေးသည် နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအစည်းအဝေးကြီး ဖြစ်ပါသည်ဘုရား။ ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ပထမအကြိမ်မှ တတိယအကြိမ်အထိ သက်တမ်းမှာ ၅ နှစ်သက်တမ်းရှိခဲ့ပြီး ၁၅ နှစ်ကြာရှည်ခဲ့ပါသည်ဘုရား။ စတုတ္ထအကြိမ်မှ အဋ္ဌမအကြိမ်အထိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်များ၏သက်တမ်းမှာ ၆ နှစ်သက်တမ်းသို့ ပြောင်းလဲခဲ့ရာ ၆ နှစ်သက်တမ်း ၅ ကြိမ် ရှိခဲ့ရာ နှစ်ပေါင်း ၃၀ ကြာညောင်းခဲ့ပါသည်ဘုရား။ ထိုသက်တမ်း နှစ်ကြိမ်ပေါင်းခဲ့သော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး စတင်ဖွဲ့စည်း၍ သာသနာတော်အရေးကိစ္စတို့ကို ဆောင်ရွက်လာခဲ့ကြသည်မှာ နှစ်ပေါင်း ၄၅ နှစ်ကျော်ခဲ့ပြီဖြစ်ပါသည် ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် ၄၇ ပါးစုံညီ အစည်းအဝေးများကို ပထမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပထမအစည်းအဝေး၊ ဒုတိယအစည်းအဝေး စသည်ဖြင့်ကျင်းပခဲ့ကြရာ ဧကူနဝီသတိမ အစည်းအဝေးထိ အစည်းအဝေးပေါင်း ၁၉ ကြိမ်ကျင်းပခဲ့ပါသည်ဘုရား။
ဧကူနဝီသတိမအစည်းအဝေးအပြီးတွင် ဒုတိယအကြိမ် သို့ကူးပြောင်း၍ ဒုတိယအကြိမ်တွင်လည်း ပထမအစည်းအဝေးမှ ဧကူနဝီသတိမအစည်းအဝေးထိ လေးလပတ်တိုင်းကျင်းပ၍ ယခုအချိန်ထိဆိုပါမူ နဝမအကြိမ်၏ စတုတ္ထအစည်းအဝေးတိုင် အစဉ်အဆက် ကျင်းပခဲ့ပြီးဖြစ်ပါသည်ဘုရား။ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဧကူနဝီသတိမအစည်းအဝေး ကျင်းပပြီးခဲ့ချိန်တွင် နဝမအကြိမ်သို့ကူးပြောင်း၍ နဝမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ ပထမအစည်းအဝေးကိုကျင်းပခဲ့ပြီး ယခု အစည်းအဝေးမှာ နဝမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီ စတုတ္ထလေးလပတ်အဖြစ်ကျင်းပသော အစည်းအဝေး ဖြစ်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား
ရှေးရှေး ဒီဃဒဿီ သံဃပိတု သံဃာ့ဥသျှောင် မထေရ်မြတ်ကြီးတို့က ဒီဃဒဿီဂုဏ်၊ ရတ္တညူဂုဏ်တို့ ပြည့်ဝစွာ မြတ်ဗုဒ္ဓ၏ ဓမ္မဝိနယဒေသနာတော်များနှင့်အညီ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာစသော စည်းမျဉ်းဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်းခဲ့၍သာ ဤမျှကာလရှည်ကြာစွာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးအပါအဝင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့အနေဖြင့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခဲ့၊ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါသည်ဘုရား။ လက်ရှိ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့အနေဖြင့်လည်း ရှေးရှေးအာစရိယ၊ အာစရိယပရမ္ပရ ဆရာမထေရ်တို့၏အာဘော်ကို လက်သင့်ခံယူဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ နောက်နောက် သိဿာနုသိဿ အနာဂတ သံဃာ့ဝန်ဆောင်တို့အတွက်လည်း အာစရိယ ဟတ္ထမုဋ္ဌိ ကျန်စေရစေရန် သာသနာတော် အရေးကိစ္စများကို စံပြအဖြစ် ဆောင်ရွက်တော်မူကြပါရန် တိုက်တွန်း လျှောက်ထားအပ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား
ဗုဒ္ဓမြတ်စွာသည် အဇပါလညောင်ပင်ရင်းတွင် သီတင်းသုံးစဉ် “ငါဘုရားရှင် သိမြင်တော်မူအပ်သော မဂ်ဖိုလ်နိဗ္ဗာန် တရားသည်ကား နက်နဲ၏။ သိမ်မွေ့၏။
ပညာရှိတို့သာ သိမြင်နိုင်သော တရားဖြစ်၏။ ဤသတ္တလောက သတ္တဝါတို့ကား လောကီအာရုံတို့၌သာ မွေ့လျော်၏။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်မည်မဟုတ်၊ သင်္ခါရတရားတို့၏ ချုပ်ငြိမ်းရာ၊ ဥပဓိအားလုံးတို့ကို ကပ်ငြိခြင်းကင်းရာ၊ တပ်မက်မှု ကုန်ခန်းရာ နိဗ္ဗာန်ကိုပို၍ပင် သိမြင်နိုင်မည်မဟုတ်။
ငါသိခဲ့သော ထိုတရားတို့ကိုဟောပါက သိနိုင်ကြလိမ့်မည်မဟုတ်။ ငါတရားဟောခြင်းသည် ပင်ပန်းရုံသာရှိလိမ့် မည်” ဟု ဆင်ခြင်တော်မူပါသည်ဘုရား။ ထိုသို့ဆင်ခြင်တော်မူ၍ တရားဟောတော်မူခြင်း၌ စိတ်အားတော်ထက်သန်ခြင်းမရှိ၊ စိတ်ကိုင်းညွတ်မှုမရှိကြောင်း ဝိနယပိဋက၊ မဟာဝဂ္ဂပါဠိတော်တွင် လာရှိပါသည်ဘုရား။
ဆရာတော်အရှင်သူမြတ်တို့ဘုရား
ထိုအခြေအနေတွင် သဟမ္ပတိဗြဟ္မာမင်းက သုံးကြိမ်တိုင်အောင် တရားဟောရန် ဘုရားရှင်ကို တောင်းပန်လျှောက်ထား ခဲ့ပါသည်ဘုရား။ ထိုသို့ တောင်းပန်လျှောက်ထားသည့်အတွက် ဘုရားရှင်သည် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော်မူခဲ့ပါသည်ဘုရား။ ဗုဒ္ဓစက္ခုဖြင့် ရှုတော်မူသောအခါ အပ္ပရဇက္ခ-ကိလေသာမြူပါးလျသူ၊ မဟာရဇက္ခ-ကိလေသာ မြူထူထပ်သူ၊ တိက္ခိန္ဒြိယ-ဣန္ဒြေရင့်သူ၊ မုဒိန္ဒြိယ−ဣန္ဒြေနုသူ၊ သွာကာရ- ဒွါကာရ အခြင်းအရာကောင်းသူ၊ မကောင်းသူ၊ သုဝိညာပယ- ဒုဝိညာပယ- သိလွယ်သူ၊ မသိလွယ်သူ၊ ပရလောကဝဇ္ဇဘယဒဿာဝီ- န ပရလောက ဝဇ္ဇဘယ ဒဿာဝီ၊ နောက်ဘဝသစ် ထပ်မံရရှိမှုကို အပြစ်ဘေးဟု ရှုလေ့ရှိသူ၊ ရှုလေ့မရှိသူ ဟူသော သတ္တဝါအမျိုးမျိုးကို မြင်တော်မူကြောင်း ပါဠိတော်တွင် လာရှိပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား
ဘုရားရှင်တော် မြင်တော်မူသော သတ္တဝါတို့ကို ကြာမျိုး ၃ ပါးကို ၃ မျိုး ၃ စား ဥပမာပေး၍ ခွဲခြားရာတွင် ပထမအမျိုးအစားအနေဖြင့် ဥပ္ပလ၊ ပဒုမ၊ ပုဏ္ဍရိက ဟူသော ကြာတို့သည် ဥဒကေဇာတ- ရေ၌ပေါက်ရောက်၊ ဥဒကေသံဝဍ္ဎ-ရေ၌ကြီးထွား၊ ဥဒကေအနုဂ္ဂတ−အန္တောနိမုဂ္ဂပေါသီ ရေပြင်ညီ ရေမျက်နှာပြင်သို့ တက်ရောက်ခြင်းမရှိ၊ ရေအောက်၌သာ ငုပ်ဝင်ရှင်သန်သော ကြာမျိုးလည်းရှိပါသည်။ ဤကြာမျိုးနှင့်တူသော သတ္တဝါတို့သည် ဘုရားရှင်ဟောကြားသောတရားကို မသိနိုင်။ ဒုတိယအမျိုးအစားအနေဖြင့် ဥဒကေဇာတ-ရေ၌ပေါက်ရောက်၊ ဥဒကေသံဝဍ္ဎ-ရေ၌ကြီးထွား၊ ဥဒကေန သမောဒကဋ္ဌိတ−ရေမျက်နှာပြင်နှင့်အညီသာ ရှင်သန်နိုင်သော ကြာမျိုးလည်းရှိပါသည်။ ဤကြာမျိုးနှင့်တူသောသတ္တဝါတို့သည် အထိုက်အလျောက်နားလည်နိုင်ကြသည်။ တတိယအမျိုးအစားအနေဖြင့် ဥဒကေဇာတ-ရေ၌ပေါက်ရောက်၊ ဥဒကေသံဝဍ္ဎ-ရေ၌ကြီးထွား၊ ဥဒကေအစ္စုဂ္ဂမ္မဋ္ဌိတ-ရေမျက်နှာပြင် အထက်သို့တက်၍ ရပ်တည်၊ အနုပလိတ္တ−ရေဖြင့် မလိမ်းကျံ၊ ရေမှလွတ်ကင်းသော ကြာမျိုးလည်းရှိပါသည်။ ထိုကြာမျိုးနှင့်တူသော သတ္တဝါတို့သည် ဘုရားရှင်တရား တော်ကို လွယ်ကူစွာသိနိုင်ကြသည်။ ဤသို့ မြတ်စွာဘုရားရှင်သည် ဗုဒ္ဓစက္ခုဖြင့် ရှုကြည့်တော်မူချိန်တွင် ကြာဥပမာရှိသော သတ္တဝါတို့ကို မြင်တော်မူကြောင်း ပါဠိတော်တွင် လာရှိပါသည်ဘုရား။
ဆရာတော်အရှင်သူမြတ်တို့ဘုရား
တပည့်တော်တို့ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းတွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် ၇ ချက်ကို ပြဋ္ဌာန်းထားပါသည်ဘုရား။ (က)သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရန်ဖြစ်သည်။ (ခ) သံဃာတော်များ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးနေထိုင်ရေးအတွက် သံဃာအချင်းချင်း ကြီးကြပ်ထိန်းသိမ်းသွားနိုင်ရန်ဖြစ်သည်။ (ဂ)ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင်ပြန့်ပွားစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန်ဖြစ်သည် စသည်ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်ဘုရား။ ရည်ရွယ်ချက်(ဂ)ကို ပြဋ္ဌာန်းခဲ့ကြသော အာစရိယာစရိယ ရှေးဆရာတော်ကြီးတို့၏ ဉာဏ်ပညာအမြော်အမြင်နှင့် ငဲ့ညှာစောင့်ရှောက်သော ကရုဏာအားအစွမ်းတို့ကို ယခုတပည့် တော်တို့ သိသာစွာ ခံစားနေရသည်ဟု လျှောက်ထားလိုပါသည်ဘုရား။ အဘယ်ကြောင့်ဆိုသော် ယနေ့ မျက်မှောက်ခေတ်ကာလတွင် သံဃာတော်များ ဝိနည်းတရားတော်နှင့်အညီ ကျင့်ကြံသီတင်းသုံးခြင်းမရှိသော အခြေအနေများ၊ ပိဋကတ်တော်နှင့်မညီသောရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများအပြင် ခေတ်ကာလအရ လူမှုကွန်ရက်များတွင် သမဏသာရုပ္ပမဖြစ်သည့် ဆောင်ရွက်ချက်များပြုမူ ဆောင်ရွက်နေကြသည်ကို တွေ့မြင်နေရပါသည်ဘုရား။ ထိုသို့သောဆောင်ရွက်ချက်များကို ကြီးကြပ်ထိန်းသိမ်းပြီး တားဆီးကာကွယ်ကြမှသာ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းပါ ရည်ရွယ်ချက်များအတိုင်း ဆောင်ရွက်သည်ဟု ခေါ်ဆိုရမည်ဖြစ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဟူသော သာသနာတော်တစ်ရပ်လုံးနှင့် သက်ဆိုင်သောကိစ္စရပ်များကို ဆောင်ရွက်ကြရာတွင် ပထမအကြိမ်မှ နဝမအကြိမ်တိုင်အောင်၊ နဝမအကြိမ်၏ပထမအစည်းအဝေးမှ ယခုလေးလပတ် စတုတ္ထအစည်းအဝေးတိုင်အောင် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်ဘုရား။ ထိုသို့ဆောင်ရွက်ကြရာတွင် ပထမကြာ ဥပမာနှင့်တူသော ရှင်းလင်းညွှန်ကြားဆုံးမသြဝါဒပေးလုပ်ထုံးများနှင့်အညီ ပြုပြင်၍မရသော ပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်ဘုရား။ ဒုတိယကြာဥပမာနှင့်တူသော အထိုက်အလျောက် ဆုံးမပြုပြင်၍ရသော ပုဂ္ဂိုလ်များနှင့်လည်းကြုံတွေ့ရမည်ဖြစ်ပါသည်ဘုရား။ တတိယကြာ ဥပမာနှင့်တူသော အရိပ်ပြအကောင်ထင် ဆိုသကဲ့သို့ ဆိုဆုံးမရလွယ်ကူသော ပုဂ္ဂိုလ်များနှင့်လည်း ကြုံတွေ့ရမည်ဖြစ်ပါသည်ဘုရား။ မည်သို့သော ပုဂ္ဂိုလ်များနှင့် ကြုံတွေ့ရသည်ဖြစ်စေ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရ တရားလေးပါး လက်ကိုင်ထား၍ ဆောင်ရွက်ကြရန်လွန်စွာအရေးကြီးလှပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား
“နိဂ္ဂယှ နိဂ္ဂဟေတဗ္ဗေ၊ ပဂ္ဂဏှေယျေ စ ပဂ္ဂဟံ။
သုသုခေနေဝ ဇောတေယျံ၊ သမ္မာသမ္ဗုဒ္ဓသာသနံ- မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီးကို ကိုယ်စိတ်မညှိုးနွမ်းဘဲ ချမ်းချမ်းသာသာဖြင့် ထွန်းလင်းစေရန် နှိပ်ကွပ်ဆုံးမထိုက်သူတို့ကို နှိပ်ကွပ်ဆုံးမခြင်း၊ ချီးမြှောက်သင့်သူတို့ကို ချီးမြှောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ရှေးရှေးဆရာတော်တို့ မိန့်ဆိုခဲ့ကြပါသည်ဘုရား။ နိဂ္ဂဟ ပဂ္ဂဟ ပြုကြရာ၌ တပည့်တော်တို့၏ စိတ်သန္တာန်၌ ဗြဟ္မဝိဟာရ တရားများဖြင့် ထိန်းကွပ်ထားခြင်းမရှိဘဲ ဆောင်ရွက်ပါလျှင် လောဘဒေါသ ပဋိဃတရားတို့ တိုးပွားလာနိုင်ပါသည်ဘုရား။ သို့ဖြစ်ရာ နှိပ်ကွပ်ဆုံးမသင့်သူတို့ကို ကရုဏာမေတ္တာတရားများလက်ကိုင်ထား၍ နှိပ်ကွပ်ဆုံးမရန်ဖြစ်ပြီး ချီးမြှင့်သင့်သူကိုမူ မုဒိတာ၊ မေတ္တာတရားများလက်ကိုင်ထား၍ ချီးမြှောက်သင့်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။ ထိုသို့ နိဂ္ဂဟ ပဂ္ဂဟတို့ကို ဆောင်ရွက်ရာတွင် အချို့ကိစ္စရပ်တို့၌ ပတ်ဝန်းကျင်၏ အပြစ်တင်ကဲ့ရဲ့မှု၊ မြှောက်ပင့်ချီးမွမ်းမှုတို့နှင့် ကြုံလာလျှင် ဥပေက္ခာတရားလက်ကိုင်ထား၍ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း လျှောက်ထားအပ်ပါသည်ဘုရား။
ဆရာတော်အရှင်မြတ်တို့ဘုရား
နိဂုံးချုပ်အားဖြင့် လျှောက်ထားရပါလျှင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးအနေဖြင့် ပထမအကြိမ်မှ နဝမအကြိမ်တိုင်အောင် ကာလရှည်မြင့်စွာဖြင့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းပါ ရည်ရွယ်ချက်များအတိုင်း သာသနာ တော်သန့်ရှင်း တည်တံ့ပြန့်ပွားတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည့်နည်းတူ နောင်အနာဂတ် သာသနာတော်အတွက်လည်း အရှည်ကိုကြည့်၍ ဆောင်ရွက်သွားနိုင်ကြပါစေကြောင်း လျှောက် ထားအပ်ပါသည်ဘုရား။ ထိုသို့ဆောင်ရွက်ကြရာတွင် ဘုရားရှင်ဆင်ခြင်တော်မူခဲ့သည့် ကြာမျိုးဥပမာ ၃ ပါးနှင့်တူညီကြသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံကြုံလာရလျှင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာဟူသော ဗြဟ္မဝိဟာရ တရားလေးပါး လက်ကိုင်ထားလျက် အကြိမ်ကြိမ်အထပ်ထပ် တံတိုင်းခတ်၍ ဗုဒ္ဓမြတ်စွာ၏ သာသနာတော် မြတ်ကြီးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြပါဟုလျှောက်ထားရင်း တပည့်တော်၏ ဩဝါဒကထာကို နိဂုံးချုပ်အပ်ပါသည် ဆရာတော်အရှင်သူမြတ်တို့ဘုရား။
ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ
ဥက္ကဋ္ဌဆရာတော်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
#News #MNP

No comments:
Post a Comment