မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၁၇
၂၀၂၆ ခုနှစ်၊ တရုတ်ရိုးရာ မင်္ဂလာမြင်းနှစ် နှစ်သစ်ကူးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်၊ ယူနန်ဘုံကျောင်း၌ ကျင်းပပြုလုပ်ရာ ယနေ့နံနက် ၉ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များအား ယူနန်ဘုံကျောင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့ကြပြီး တရုတ်ရိုးရာပန်းစည်းနှင့် အနီရောင်လည်စီးပဝါများကို လက်ဆောင်ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဘာသာရေးအသင်းအဖွဲ့များမှ ခေါင်းဆောင်များက တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် အထူးဧည့်သည်တော်မှတ်တမ်းလွှာ၌ လက်မှတ်ရေးထိုးပေးကြသည်။
ယင်းနောက် နှစ်သစ်ကူးပွဲတော်ကျင်းပမည့် ခန်းမ၌ ယူနန်ဘုံကျောင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံအား အလေးပြုဖွင့်လှစ်ခဲ့ကြသည်။
ဆက်လက်၍ နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ သိက္ခာတော်ရဆရာတော်က ဆုတောင်းဆက်ကပ်ပေးကာ ယူနန်ဘုံကျောင်းဥက္ကဋ္ဌ ဦးချစ်ရွှေက တရုတ်ရိုးရာ မင်္ဂလာမြင်းနှစ် နှစ်သစ်ကူးပွဲတော် အခါသမယ၌ တက်ရောက်ချီးမြှင့်ပေးကြသော ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် ၂၀၂၆ ခုနှစ်သည် တရုတ်ရိုးရာ မြင်းနှစ်ဖြစ်သည့်အတွက် မြင်းနှစ်၏အဓိပ္ပာယ်နှင့်အညီ လုပ်ငန်းဆောင်တာများကို အရှိန်အဟုန်နှင့် စွမ်းအားအပြည့် ဆောင်ရွက်နိုင်ခြင်း၊ စိန်ခေါ်မှုများကို ဉာဏ်ပညာ၊ ကျွမ်းကျင်မှုများနှင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိပိုင်ဆိုင်ခြင်း စသည့် ကောင်းမွန်သည့် အဓိပ္ပာယ်များကဲ့သို့ ကချင်ပြည်နယ်အပါအဝင် မိမိတို့မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံနှစ်ခုစလုံး၏ ပြည်သူလူထုအကျိုးစီးပွားအတွက် ယခုထက်ပိုမိုပြီး တိုးတက်အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့အခမ်းအနား တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး အေးချမ်းသာယာပြီး ငြိမ်းချမ်းရေးစွာ နေထိုင်နိုင်ရေးနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ယခုထက်ပိုမိုပြီး ခိုင်မာစွာတည်ဆောက်နိုင်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ကြရန် လေးနက်စွာ တိုက်တွန်းလိုကြောင်း ပြောကြားသည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဘုံကျောင်းဥက္ကဋ္ဌတို့က နှစ်သစ်ကူးအထိမ်းအမှတ် အမှတ်တရ ပန်းခြင်းလက်ဆောင်များကို အပြန်အလှန်ပေးအပ်ခဲ့ကြပြီး နှစ်သစ်ကူး၏အဓိပ္ပာယ်နှင့် လက်ဆောင်အဖြစ်ပေးအပ်ထားသည့် လည်စည်းပုဝါနီ၏အဓိပ္ပါယ်များကို ရှင်းလင်းပြောကြားတင်ပြခြင်း၊ သံပြိုင်တေးသီချင်းများ သီဆိုခြင်းနှင့် တရုတ်ရိုးရာတေးသီချင်း အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအတွက် ငွေကျပ်သိန်း ၄၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး နှစ်သစ်ကူးအထိမ်းအမှတ် နေ့လယ်စာကို ရင်းနှီးနွေးထွေးစွာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment