စဉ့်ကူး၊ ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းကို စဉ့်ကူးမြို့ အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို စဉ့်ကူးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ ဗိုလ်မှူး ရှင်းသန့်လွင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်သိန်းဦးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ အသက် အရွယ်အလိုက် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ရိုတာကာကွယ်ဆေး)တို့ကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကိုလည်း ကျန်းမာရေး စစ်ဆေးပေးခြင်း၊ မေးခိုင် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကလေးအာဟာရ ဖွံ့ဖြိုးရေးအတွက် အာဟာရ တိုက်ကျွေးခြင်းနှင့် အသိပညာပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက စဉ့်ကူးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကလေးငယ်(၂၀၀)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်(၂၅)ဦးတို့အား ဆောင်ရွက်ပေးခဲ့နိုင်ကြောင်း သိရသည်။
တင်ဇာလွင်
#News #MNP


No comments:
Post a Comment