ဟိုင်းကြီးကျွန်း၊ ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့၌ တည်ထားကိုးကွယ်လျှက်ရှိသော ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (တပေါင်းလဆန်း (၁) ရက်နေ့) တွင် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပွဲတော်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြားလျှက်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးအများအပြား ပိုမိုလာရောက်ကြ၍ တည်းခိုဆောင်များပြည့်သည်အထိ လာရောက်ကြကြောင်း သိရသည်။
ဘုရားဖူးလာရောက်ကြသူများသည် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ရင်ပြင်တော်နှင့် အနီးဝန်းကျင်ရှိ တည်းခိုဆောင်များတွင် အနားယူအပန်းဖြေကြကာ မနက်စောစောညနေအေးအေးနှင့် ညချမ်းအချိန်တွင် စေတီတော်ကြီးအား တက်ရောက်ဖူးမျှော်ပြီး အဓိဓ္ဓာန်ဝင်ခြင်း၊ ပရိတ်/ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ တရားဘာဝနာအားထုတ်ခြင်းနှင့် နံနက်အာရုံတက်ချိန်တွင် အာရုံဆွမ်းကပ်၍ ဘုရားဝတ်ပြုခြင်းတို့ကိုပြုလုပ်ကြပြီး ဘုရားကြီး၏ရင်ပြင်တော် တိုးချဲ့တည်ဆောက်နေမှုလုပ်ငန်းများနှင့် ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများ ကုသိုလ်ယူပါဝင်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ဘုရားဖူးဧည့်သည်များသည် ပင်လယ်ကမ်းခြေဒေသ၏ လှပသောသဘာဝတရားကိုကြည့်ရှုခံစားပြီး ကျောက်ဆောင်များပေါ်တွင် အလှဓာတ်ပုံများရိုက်ကူးခြင်း၊ ကျောက္ကလပ်သို့သွားရောက်လည်ပတ်ကြခြင်း ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအား သွားရောက်ဖူးမျှော်ကြပြီး ငွေတောင်ရေချိုးဆိပ်သို့သွားရောက်ကာ ရေကူးအပန်းဖြေအနားယူကြကြောင်း သိရသည်။
လှိုင်မျိုးအောင်
#News #MNP








No comments:
Post a Comment