ဘားအံ ၊ ဖေဖော်ဝါရီ ၁၇
သာသနမာမက သာသနာလင်္ကာရအသင်းက ကြီးမှူးကျင်းပပြုလုပ်သော ဒဿမအကြိမ်မြောက် ကရင်ပြည်နယ်ကိုယ်စားပြု မြန်မာနိုင်ငံလုံးဆိုင်ရာသာမဏေကျော်စာမေးပွဲကြီး ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက် နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်သံဃနာယကအဖွဲ့(မူလဒွါရ)ဥက္ကဋ္ဌ အမိတာရာမရဲကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် နောင်ဟင်ကျောင်းဆရာတော်ဘဒ္ဒန္တအာလောကထံမှ ဩဝါဒကထာကိုနာယူကြည်ညိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ကြွရောက်တော်မူကြသောဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် သာသနမာမက သာသနာလင်္ကာရအသင်း နာယကကော့ဝါလဲကျေးရွာ အေးချမ်းသာယာတောရ ကျောင်းဆရာတော် ဘဒ္ဒန္တကဝိနန္ဒက သာသနမာမက သာသနာလင်္ကာရစာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ရဟန်းကျော်၊ သာမဏေကျော်၊ သီလရှင်ကျော်တို့အား ဘွဲ့လက်မှတ်များချီးမြှင့်အပ်နှင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် စေတနာရှင်အလှူရှင်များက စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်တို့အားဘွဲ့လက်မှတ်၊ စာအောင်လက်မှတ်၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြကာ အေးချမ်းသာယာတောရကျောင်းဆရာတော် ဘဒ္ဒန္တကဝိနန္ဒက နိဂုံးချုပ်ဩဝါဒကထာမြွတ်ကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က ကြွရောက်ချီးမြှင့်တော်မူကြသည့် ဆရာတော်ကြီးများနှင့်စာအောင်သံဃာ၊ သာမဏေ၊ သီလရှင်တို့အား ဆန်၊ ဆီ၊ ဆေး၊ ဆား အစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ဆွမ်းကြီးလောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment