မြို့သစ် ၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း စိုက်ပျိုးရောင်းချသူများထံက သိရသည်။
ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံး ပြုရကြောင်း ခရမ်းချဉ်စိုက်ပျိုးသူထံက သိရသည်။
ခရမ်းချဉ်မျိုး(၂)ထုပ် စိုက်ပျိုးပါက ငွေကျပ် ဆယ်သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်းက တစ်ပိဿာ (၅၀၀၀)/(၆၀၀၀)ကျပ် စျေးရောင်းချရပြီး ဖေဖော်ဝါရီလ ပထမပတ်၌ ခရမ်းချဥ်သီးတစ်ပိဿာ (၄၀၀၀) ကျပ်စျေးရရှိကြောင်း၊ ယခုလက်ရှိတွင် ခရမ်းချဉ်သီး တစ်ပိဿာ (၂၀၀၀)စျေးရရှိကြောင်း (၂)ရက်ခြား တစ်ကြိမ် ခူးဆွတ်ရရှိသော်လည်း စျေးနှုန်းကျဆင်းနေသဖြင့် စိုက်ပျိုးရောင်းချသူများ အမြတ်အစွန်းရသင့်သလောက် မရရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြို့သစ်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီးစိုက်ပျိုးသူများအနေဖြင့် ဗမာခရမ်းချဥ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို နေရာခွဲကာစိုက်ပျိုးကြကြောင်းနှင့် ခရမ်းချဉ်များသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာ သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
သန်းဝင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment