ချမ်းမြသာစည်၊ ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ သူနာပြုတက္ကသိုလ် (မန္တလေး)၏ ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) (၁၁/၂၀၂၅) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ၆ ထပ်ဆောင်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မန္တလေးသူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်ဝင်းစိန်၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပါမောက္ခဌာနမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အလွန်အရေးပါပြီး ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့၍ အခြေခံကျသော ကျန်းမာရေးစောင့်ရှောက်မှုများကို တာဝန်ယူဆောင်ရွက်ကြမည့် သူနာပြုဆရာ/ဆရာမ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားဖြစ်သောကြောင့် အင်မတန်မှ ဂုဏ်ယူဖွယ်အခမ်းအနားဖြစ်ကြောင်း၊ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့နေရာတွင် သူနာပြုများသည် အင်အားအများဆုံးနှင့် မရှိမဖြစ်အလိုအပ်ဆုံး အားထားရဆုံး လူ့စွမ်းအားစုဖြစ်ကြောင်း၊ ပြည်သူပြည်သားအားလုံးကို မြို့ပြနှင့်ကျေးလက်တစ်ပြေးညီ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ဆိုရင် အရည်အသွေးပြည့်ဝသော သူနာပြုပညာရှင်များ အလုံအလောက် လိုအပ်ကြောင်းပြောကြားပြီး သူနာပြုတက္ကသိုလ်-မန္တလေးပါမောက္ခချုပ် ဒေါက်တာခင်ဝင်းစိန်က ကြိုဆိုနူတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယနှစ်သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်)(၁/၂၀၂၆)သင်တန်းမှ ကျောင်းသားတစ်ဦးက သစ်လွင်မောင်မယ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သစ်လွင်မောင်မယ်များကိုယ်စား ပထမနှစ်သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) (၁၁/၂၀၂၅) သင်တန်းမှ ကျောင်းသားတစ်ဦးကလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ဆု၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ထူးချွန်ဆု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အကထူးချွန်ဆု၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်)သင်တန်းတွင် ဆုအသီးသီးရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် သူနာပြုတက္ကသိုလ်ပါမောက္ခချုပ်တို့က ဆုချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် သူနာပြုတက္ကသိုလ်(မန္တလေး)မှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အလင်းသစ်
#MNP #News






No comments:
Post a Comment