ဗီယင်နာ၊ ဖေဖော်ဝါရီ ၁၄
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ၏ ဩစတြီးယား သမ္မတနိုင်ငံခရီးစဉ်အတွင်း ၁၁-၂-၂၀၂၆ ရက် ညနေပိုင်းတွင် ဗီယင်နာမြို့ရှိ Raiffeisen Forum ခန်းမ၌ ဖိလစ်ပိုင်သံရုံးနှင့် ဥရောပနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ ဩစတြီးယားတက္ကသိုလ် (AIES) တို့ ပူးပေါင်းကျင်းပသည့် အာဆီယံဆိုင်ရာ ရှင်းလင်းဟောပြောပွဲနှင့် ၁၂-၂-၂၀၂၆ ရက်တွင် Park Hyatt Hotel ၌ ဖိလစ်ပိုင်သံအမတ်ကြီးက ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးအား ဂုဏ်ပြုတည်ခင်းသည့် နေ့လယ် စာစားပွဲသို့ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့အခြေစိုက် အာဆီယံနှင့်အခြားသံရုံး/ အဖွဲ့ရုံးများမှ သံရုံးအကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့သည်။
၁၁-၂-၂၀၂၆ရက်၊ ရှင်းလင်းဟောပြောပွဲတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၆ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဖိလစ်ပိုင်-ဩစတြီးယားဆက်ဆံရေး၊ ဖိလစ်ပိုင် နှင့်ဥရောပသမဂ္ဂအကြား လွတ်လပ်သောကုန်သွယ်ရေးစာချုပ်ချုပ်ဆိုရေး၊ ၂၀၂၆ခုနှစ်တွင် တောင်တရုတ် ပင်လယ်တွင်း လိုက်နာရမည့်ကျင့်ထုံး (Code of Conduct) အပြီးသတ်ရေးဆွဲနိုင်ရေး အရှိန် အဟုန်မြှင့် ညှိနှိုင်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၎င်းအနေဖြင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင်သွားရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော် ယာယီသမ္မတ၊ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့်တွေ့ဆုံဆွေးနွေးခဲ့မှု၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတွင် ဆွေးနွေးခဲ့မှု၊ မြန်မာနိုင်ငံတွင် မကြာမီက ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲအပေါ် အာဆီယံ၏ သဘောထားအမြင်များနှင့် ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်ပေါ် တိုးတက်မှုများကို ဆက်လက်စောင့်ကြည့်သွားရန် လိုအပ်မှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
၁၂-၂-၂၀၂၆ရက်၊ နေ့လယ်စာစားပွဲတွင် မြန်မာသံအမတ်ကြီးက အာဆီယံ-ဗီယင်နာ ကော်မတီ၏ အာဆီယံပုံရိပ်မြှင့်တင်သည့် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်များအနက် အဓိကပန်းတိုင်တစ်ခုဖြစ်သော လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးမှု၊ လာမည့် မတ်လ တတိယပတ်ခန့်တွင် လွှတ်တော်များ ခေါ်ယူကျင်းပရန်ရှိမှု၊ ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရသစ်ထံသို့ နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်သွားရန်ရှိမှု၊ ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံဥက္ကဌတာဝန်ယူမှုကို အပြည့်အဝ ထောက်ခံမှု၊ အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ မျှတသော အပြုသဘော ဆောင် သည့် ထိတွေ့ဆက်ဆံရေးအရေးကြီးမှုတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။
-
#MNP #News




No comments:
Post a Comment