နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာများ၌ ဆူပူသောင်းကျန်းမှုများပေါများခြင်းသည် အသိပညာအားနည်းမှု၊ အတတ်ပညာအားနည်းမှုများနှင့် ဆက်စပ်နေသည်ကို အခြေခံအားဖြင့် တွေ့ရှိနိုင်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စစ်ကိုင်းတိုင်းဒေသကြီး အချို့နေရာများ၌ ဆူပူသောင်းကျန်းမှုများပေါများခြင်းသည် အသိပညာအားနည်းမှု၊ အတတ်ပညာအားနည်းမှုများနှင့် ဆက်စပ်နေသည်ကို အခြေခံအားဖြင့် တွေ့ရှိနိုင်ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကိုအကြောင်းပြပြီး မိမိတို့၏ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏သယံဇာတများကို တရားမဝင်ထုတ်ယူခြင်းများကို အမြောက်အမြားဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ လက်နက်အားကိုးဖြင့် ဒေသခံပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံပြီး ၎င်းတို့၏ ကိုယ်ကျိုးအတွက် အသုံးပြုနေကြကြောင်း၊ ထိုသို့လုပ်ဆောင်နေမှုများကြောင့် ဒေသခံပြည်သူများ ဝန်ထုတ်ဝန်ပိုးများဖြစ်နေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းတိုက်ဖျက်သွားကြရန်လိုကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် နိုင်ငံတော်တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ယခင် ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင် နိုင်ငံတော်၏အကျိုးအတွက် သက်ဆိုင်ရာအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့်နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့်ပါတီအား နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း (၃)ပိုင်းခွဲ၍ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ တရားမျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် မိမိတို့အနေဖြင့် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း။
နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုများကို အမြဲမပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များမရှိစေရေး အားလုံးဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရန်လိုအပ်သဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသွားသည်။
#MNP #News

No comments:
Post a Comment