နေပြည်တော်၊ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဆောက်လုပ် ရေး ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ တံတားတည်ဆောက်ရာတွင်ပါဝင်ခဲ့သည့် ကုမ္ပဏီများ နှင့် ကိုရီယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အင်ဂျင်နီယာများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အခမ်းအနားပြုလုပ်မည့်နေရာသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားဖွင့်ပွဲ အခမ်းအနားကိုစတင်ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည် ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ခြင်း Documentary Movie ကို ဖွင့်လှစ်တင်ပြသည်။ ထို့နောက် တံတားတည်ဆောက်ခြင်းဆိုင်ရာ စာရွက်စာတမ်းများကို ကိုရီးယားနိုင်ငံ၊ တံတားတည်ဆောက်ရေးတာဝန်ခံအဖွဲ့ Soosung ကုမ္ပဏီမှ ကိုယ်စားလှယ်တစ်ဦးက ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို ထံသို့ လွှဲပြောင်းပေးအပ်သည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌထံသို့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ဂါရဝပြုပေးအပ်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက မြန်မာ‘ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတား ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့နှင့် မြစ်တဖက်ကမ်းတွင်ရှိသည့်ဒလမြို့ကို ဆက်သွယ်ထား သည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကို အောင်မြင်စွာတည်ဆောက် ယခု ဖွင့်လှစ်နိုင်သည့်နေ့ဖြစ်သဖြင့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်နေ့ဖြစ်ကြောင်း၊ တံတားကြီးကို တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ဖြစ်ပြီး နှစ်ပေါင်းရာချီမြို့သက်တမ်းရှိခဲ့သည့် ရန်ကုန်မြို့၏ မြို့လယ်ဧရိယာကို မြစ်တဖက်ကမ်း ဒလမြို့နယ်နှင့်ပါ ပေါင်းစပ်ပေးနိုင်ခဲ့ပြီဖြစ်သဖြင့် မှတ်တမ်းတင်ရမည့် နေ့တစ်နေ့ဖြစ်သည်ကို ပဏာမအနေဖြင့် ပြောကြားလိုကြောင်း။
ယခုတည်ဆောက်ပြီးစီးခဲ့သည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား သည် အရှည်(၆,၁၂၇)ပေရှိပြီး လေးလမ်းသွားတံတားသစ်ကြီးဖြစ်ကြောင်း၊ အခြားတံတား ဒီဇိုင်းများနှင့်မတူဘဲ ရန်ကုန်မြို့၏အထင်ကရ အမှတ်အသား(Landmark)ဖြစ်အောင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးခဲ့သည့် တံတားများထဲ တွင် ပင်လယ်ကူးသင်္ဘောများဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကင်းလွတ်အမြင့်ဆုံး သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) အဖြစ် ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ဒေသခံများနှင့် ထပ်တူထပ်မျှ ဝမ်းသာကြည်နူးရ သည်ကိုလည်း ပြောကြားလိုကြောင်း။
ယခုတံတားကြီးကို တည်ဆောက်နိုင်ရန်(၂၀၁၂)ခုနှစ်တွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ (Economic Development Cooperation Fund-EDCF ) ချေးငွေမှ အမေရိကန်ဒေါ်လာ(၁၅၇ ဒသမ ၈၃၃)သန်းနှင့် နိုင်ငံတော်အစိုးရမှထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ (၃၀ ဒသမ ၃၄၁)သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၈ ဒသမ ၁၇၄)သန်းဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး တံတားကြီးအပြီးသတ်ဆောင်ရွက်နိုင်ရန် မြန်မာကျပ်ငွေ (၂၃ ဒသမ ၀၆၂) ဘီလီယံကျပ်ကိုလဲ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ထပ်မံဖြည့်စွက်ပြီး ပံ့ပိုးဆောင်ရွက် ပေးခဲ့သဖြင့် ယခုကဲ့သို့ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း။
ယခုအခါတွင် အပါအဝင် နိုင်ငံတော်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်ရှိသည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအဆောက်အအုံဖြစ်သည့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင်ပါဝင်သည့် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းမှ လမ်း၊ တံတားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လုံခြုံချောမွေ့မှသာ တိုင်းရင်းသား ပြည်သူများ အပြန်အလှန် ကူးလူးဆက်သွယ်သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမို ရရှိစေမည်ဖြစ် ကြောင်း။
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် လိုအပ်ချက်များထဲမှ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူလျင်မြန်ခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေးအတွက် ဦးစားပေး ဆောင်ရွက်နိုင်စေရန် ပထဝီနှင့် သဘာဝအတားအဆီးဖြစ်သည့် မြစ်/ချောင်းနေရာများ တွင် တံတားများ တည်ဆောက်ပေးခြင်း ၊ လမ်းများကို ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပြဒေသများသာမက ဝေးလံခေါင်းပါးသည့် ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ယခုကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ရေရှည် တည်တံ့ခိုင်မြဲရန်အတွက် အရည်အသွေးကောင်းမွန်ရေး၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ ထောက်ပြဝေဖန်ပေးနိုင်ကြရန်နှင့် တည့်မတ်ပေးရန် တာဝန်ရှိသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရပါရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများကို အသုံးပြု ဆောင်ရွက်သည့် စီမံကိန်းများသည် ဒေသအကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများဖြစ်ရန်လည်း လိုအပ်ကြောင်း။
ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမြို့တော်ကြီးတစ်မြို့ဖြစ်ပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူဦးရေတိုးပွားလာမှုတို့ကြောင့် . တစ်နေ့တာသွားလာသည့် ယာဉ်စီးရေသည်လည်း သိသိသာသာတိုးမြင့် လာခဲ့ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့တော် အင်္ဂါရပ်နှင့် ကိုက်ညီအောင် ယာဉ်ကြောသွားလာမှု စနစ်တကျဖြစ်စေရေး အခြေခံ အဆောက်အအုံ(Infrastructure)များဖြစ်သည့်မြို့တွင်း လမ်းများတိုးချဲ့ခြင်း၊ ခုံးကျော် တံတားများ တည်ဆောက်ခြင်းနှင့် လိုအပ်သည့်နေရာများတွင် ယခုကဲ့သို့ လေးလမ်းသွား မြစ်ကူးတံတားကြီးများ တည်ဆောက်ပေးခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချ နိုင်ပြီး ခရီးသည်နှင့်ကုန်စည်စီးဆင်းမှု မြန်ဆန်လာသည့်အတွက် ပြည်သူလူထု၏ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေးကဏ္ဍများမှာ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း။
မြန်မာ‘ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကြီး တည်ဆောက် ပြီးစီးသွားပြီ ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်မြို့မှ ဒလ ၊ တွံတေး ၊ ကော့မှူး ၊ ကွမ်းခြံကုန်းမြို့များကို လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်သကဲ့သို့ ထိုမှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့လည်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည် ဖြစ်ကြောင်း၊ ဒလမြို့သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသည့် ဝင်ပေါက်မြို့တစ်မြို့ဖြစ်လာပြီး ဒေသအတွင်းက ထုတ်ကုန်များကိုကုန်းလမ်းမှ အချိန်တိုအတွင်း သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ဒေးဒရဲတံတားမှ တစ်ဆင့် ဒေးဒရဲ ၊ ဖျာပုံ ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီ တိုင်းဒေသကြီးရှိမြို့များကိုလည်း လွယ်ကူလျင်မြန်စွာ ဆက်သွယ် သွားလာ နိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့လယ်ဧရိယာနှင့် ကုန်းလမ်းဆက်သွယ်ရေး တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်နိုင်ပြီဖြစ်သဖြင့် ဒလမြို့အပါအဝင် တွံတေး၊ ကော့မှူး ၊ ကွမ်းခြံကုန်း မြို့များလည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားများ ပေါ်ထွန်း လာစေရန် မျှော်မှန်းချက် ၊ ရည်မှန်းချက်များထားရှိပြီး မပြတ်သောသတိ ၊ မလျော့သောဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏အနာဂတ် ငြိမ်းချမ်း သာယာစေရန် နိုင်ငံသူနိုင်ငံသားများ၏ဘဝ ချမ်းမြေ့ပျော်ရွှင်စေရန် နိုင်ငံတော်အစိုးရ အနေဖြင့် ကောင်းမွန်သည့်ရည်မှန်းချက် ဦးတည်ချက်များကို ကြိုးပမ်းပုံဖော်လျက်ရှိကြောင်း၊ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုများကလည်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်း ရေး၊ ဒီမိုကရေစီဖက်ဒရယ် ဖွံ့ဖြိုးတိုးတက်စေရေး စသည့် လုပ်ငန်းစဉ်များအပေါ် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား လိုကြောင်း။
မြန်မာ - ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကြီးအား ပြည်သူများအနေဖြင့် အသုံးပြုရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတ်မှတ်ထားသည့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် တံတားကြီး ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးကြရန် မှာကြားလိုကြောင်း၊ တံတားကြီးကို အောင်မြင်စွာဖွင့်လှစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ကိုရီးယား သမ္မတနိုင်ငံအစိုးရနှင့် တံတားတည်ဆောက်ခြင်းဆိုင်ရာ တာဝန်ရှိသူများ၊ ဆောက်လုပ် ရေးဝန်ကြီးဌာနမှ ကာယဉာဏဝန်ထမ်းများ၊ ပံ့ပိုးကူညီပေးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စစ်ဖက်နယ်ဖက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများကို နိုင်ငံတော် အစိုးရက ကျေးဇူးအထူးတင်ရှိပါကြောင်း ဖြင့်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ သည် တံတားတည်ဆောက်ရေးတွင် ပါဝင်ခဲ့ကြသည့် တည်ဆောက်ရေး အင်ဂျင်နီယာအဖွဲ့များအား အထိမ်းအမှတ်ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖဲကြိုးဖြတ်ဖွင့်လှစ်မည့်နေရာသို့ ရောက်ရှိကြပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးသည်။ ဆက်လက်ပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်၊ ကော်မရှင်အတွင်းရေးမှုး၊ ကော်မရှင်အဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ကမ္ပည်းမော်ကွန်းကြေးပြားထားရှိသည့် Pylon-2 သို့ရောက်ရှိကြပြီး ကမ္ပည်းမော်ကွန်းကြေးပြားကို ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေး နံ့သာရည်များပက်ဖြန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား ပေါ်၌ဖြတ်သန်းကြည့်ရှု၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသား လူငယ် မောင်မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
ယင်းနောက် ပတ်ဝန်းကျင်ကမ်းနား မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတား တစ်လျှောက် သာယာလှပရေးအဆိုပြုပုံစံအားဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ရှင်းလင်းတင်ပြရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒလမြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြသည်။
အဆိုပါ မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကို ၂၀၁၂ ခုနှစ် အောက်တို ဘာလအတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုရီးယားသမ္မတနိုင်ငံသို့ချစ် ကြည်ရေး ခရီးစဉ်သွားရောက်ချိန်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတား စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် နှစ်နိုင်ငံတာဝန်ရှိသူများတွေ့ဆုံပြီး ကိုရီးယားသမ္မတနိုင်ငံ၏ Economic Development Cooperation Fund(EDCF)ချေးငွေဖြင့် ရန်ကုန်မြစ်ပေါ်တွင် မြစ်ကူး တံတားကြီးတစ်စင်း တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးအတည်ပြုခဲ့ကြ ကြောင်း၊ တံတားစီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို ကိုရီးယား သမ္မတနိုင်ငံ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ် ဧပြီလအတွင်း စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တံတားပုံစံ ထုတ်လုပ် ရာတွင်အသုံးပြုသည့် စံချိန်စံညွှန်းများသည်မြန်မာနိုင်ငံ၏ လမ်းများနှင့် ယာဉ်သွားလာမှု အခြေအနေများ၊ ဘူမိဗေဒနှင့် မြေခံနိုင်ရည်စွမ်းအား၊ လူမှုရေး၊ စီးပွားရေး၊ စသည်များနှင့် သဟဇာတဖြစ်စေရန် ပေါင်းစပ်ရွေးချယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားစီမံကိန်း လုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ မေလ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပင်မတံတား ၏ လျှောစောက်(Gradient) ၅ ရာခိုင်နှုန်းရှိပြီး အရှည်မှာ ၆၁၂၇ ပေ၊ တံတား အကျယ် စုစုပေါင်း ၇၉ ပေရှိပြီး ၁၁ ပေ ၆ လက်မအကျယ်ယာဉ်သွားလမ်း ၄ လမ်းနှင့် ၆ ပေ၊ ၆ လက်မအကျယ် လူသွားလမ်း ၂ ဘက်ပါရှိပြီး တံတားခွင့်ပြုတန်ချိန်မှာ ယာဉ်တစ်စီး ချင်းအလိုက် ၇၅ တန်ဖြစကြောင်း၊ တံတားဘေးတစ်ဘက်စီတွင် ရန်ကုန်မြို့မှ ဒလမြို့သို့ သောက်သုံးရေပေးဝေနိုင်ရေး ၁ ပေ၊ ၆ လက်မ အချင်းရှိ ရေပိုက်များကိုလည်း တပ်ဆင် ဆောင်ရွက်ထားကြောင်း။
တံတားတည်ဆောက်ရေးကာလအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းနှင့် နှောင့် နှေးတွေ့ကြုံခဲ့ရသည့် အခက်အခဲများကို နိုင်ငံတော်အစိုးရအနေဖြင့် တံတားတည်ဆောက် ရေးလုပ်ငန်းများပြီးစီးနိုင်ရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေများကို ဖြည့်တင်းပေးနိုင်ခဲ့ ခြင်းကြောင့်လုပ်ငန်းပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ ယခု မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတား တည်ဆောက်ပြီးစီးသွားပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ မှနေ၍ ဒလ၊ တွံတေး၊ ကော့မူး၊ ကွမ်းခြံကုန်မြို့များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိမြို့များကိုလွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်ကြောင်း၊ ဒလမြို့သည်လည်း ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးကို ဆက်သွယ်ထားသည့် ဝင်ပေါက်မြို့တစ်မြို့ ဖြစ်လာပြီး ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒလမြို့ဖွံ့ဖြိုးတိုးတက် လာမှုနှင့်အတူ တစ်ဆက်တစ်စပ်တည်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်မြို့များသည် လည်း မြို့ပြအသွင်ဆောင်ပြီး တစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခု တံတားကြီးကိုတည်ဆောက်ဖွင့်လှစ်ခြင်းအားဖြင့် ဒေသတွင်းရှိ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး စသည့် ကဏ္ဍပေါင်းစုံကို ဖွံ့ဖြိုးတိုးတက် လာစေပြီး ရန်ကုန်မြို့တော်၏ အထင်ကရပြယုဂ်(Landmark)တံတားတစ်စင်းအဖြစ် မြင် တွေ့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#MNP #News







No comments:
Post a Comment