ရတနာပုံမြို့သစ်တွင် ကျင်းပပြုလုပ်သည့် (Digital Myanmar Forum and Exhibition) အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်းလှိုင် တက်ရောက် အမှာစကား ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ရတနာပုံမြို့သစ်တွင် ကျင်းပပြုလုပ်သည့် (Digital Myanmar Forum and Exhibition) အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်းလှိုင် တက်ရောက် အမှာစကား ပြောကြား

 











ပြင်ဦးလွင်၊ ဖေဖော်ဝါရီ ၂၇

ရတနာပုံမြို့သစ်တွင် ကျင်းပပြုလုပ်သည့် (Digital Myanmar Forum and Exhibition) အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်းလှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

အားလုံးမင်္ဂလာပါ။

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ ဒစ်ဂျစ်တယ်မြန်မာနည်းပညာ နှီးနှောဖလှယ်ပွဲနဲ့ ပြပွဲ (Digital Myanmar Forum and Exhibition) အခမ်းအနားကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်များ၊ နည်းပညာတက္ကသိုလ်များနဲ့ ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်း သား၊ ကျောင်းသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းတို့နဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ဒစ်ဂျစ်တယ်မြန်မာ နည်းပညာနှီးနှောဖလှယ်ပွဲနဲ့ ပြပွဲ (Digital Myanmar Forum and Exhibition) ကို “ဉာဏ်ရည်တုနည်းပညာ ခေတ် မြန်မာနိုင်ငံ၏ နည်းပညာအနာဂတ်ကို ပုံဖော်ခြင်း (Digital Myanmar: Shaping Myanmar's Digital Future in the Age of Al)" ဆိုတဲ့ ခေါင်းစဉ်နဲ့ (၂) ရက်တိုင် ရတနာပုံမြို့သစ်မှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။

ရတနာပုံမြို့သစ်ကို တစ်နည်းအားဖြင့် ရတနာပုံဆိုက်ဘာစီးတီး၊ မြန်မာနိုင်ငံရဲ့ Silicon Valley လို့ လူသိများပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံးသော အိုင်စီတီနည်းပညာဆိုင်ရာ အချက် အချာဒေသတစ်ခုအဖြစ် ရည်ရွယ်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရတနာပုံမြို့သစ် စီမံကိန်းကို ၂၀၀၆ ခုနှစ် ဇွန်လမှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ စုစုပေါင်း ဧရိယာ ဧက ၁၀,၀၀၀ ကျော် ကျယ်ဝန်းပြီး တောင်ကုန်း တောင်တန်းများကြားမှာ စနစ်တကျ မြို့ကွက်ဖော် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ရတနာပုံမြို့သစ်ကို တည်ဆောက်ခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာမှ နည်းပညာကုမ္ပဏီ များကို ဖိတ်ခေါ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရန်၊ မြန်မာ့နည်းပညာရှင်များအတွက် သုတေသနနဲ့ တီထွင်ဖန်တီးမှုများပြုလုပ်နိုင်မယ့် အချက်အချာ နေရာတစ်ခုဖြစ်လာစေရန်ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ တည်ထောင်ခဲ့ ပါတယ်။

ရတနာပုံမြို့သစ်မှာ မြန်မာနိုင်ငံရဲ့ အဓိက အင်တာနက်နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုဗဟိုဌာနတစ်ခုကို Yatanarpon Teleport က တည်ဆောက်ခဲ့ပါတယ်။ အိုင်တီလုပ်ငန်းသစ် (Startups) တွေနဲ့ ဆော့ဖ်ဝဲရေးသားတဲ့ ကုမ္ပဏီတွေအတွက် ရုံးခန်းတွေ၊ Incubation Center တွေ၊ Education Zone ဖြစ်တဲ့ နည်းပညာတက္ကသိုလ်များနဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ ထည့်သွင်းဖို့ လျာထားခဲ့ပါတယ်။ နည်းပညာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် High-Tech Zone အဖြစ် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေမယ့် Soft-Based Factory Zone ကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။

ရတနာပုံမြို့သစ်စီမံကိန်းဟာ အစပိုင်းမှာ လုပ်ငန်းတွေ လည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပေမယ့် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်း လိုအပ်ချက်တချို့ကြောင့် မျှော်မှန်းသလောက် မအောင်မြင် ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့်လည်း ယနေ့တိုင် မြန်မာနိုင်ငံရဲ့ Silicon Valley အဖြစ်၊ နည်းပညာကဏ္ဍရဲ့ သင်္ကေတတစ်ခုအဖြစ် ရှင်သန်လည်ပတ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ဖြည့်ဆည်းပြင်ဆင်ပြီး ရတနာပုံမြို့သစ်ကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင်မြင်စေဖို့ ဝိုင်းဝန်းကြိုးပမ်းသွားကြဖို့ လိုပါတယ်။

ရတနာပုံမြို့သစ်မှာ ဒစ်ဂျစ်တယ်ဆိုင်ရာ အခြေခံအဆောက်အအုံ တွေနဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော် အဆင့်မြှင့်တင် ပေးရပါမယ်။ ရင်းနှီးမြှပ်နှံမှုကို ဆွဲဆောင်ဖို့ လိုအပ်တဲ့ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဋ္ဌာန်းချမှတ်ပေးရမယ်။ အဓိကအနေနဲ့က တော့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်းစားအကောင်အထည် ဖော်ကြရမှာ ဖြစ်ပါတယ်။

ရတနာပုံမြို့သစ်ဟာ မန္တလေးမြို့ရဲ့ အပူပိုင်းရာသီဥတုနဲ့ ပြင်ဦး လွင်မြို့ရဲ့ အအေးပိုင်းရာသီဥတုအကြားမှာ တည်ရှိတာကြောင့် အိုင်တီလုပ်ငန်းတွေအတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးအချက်အချာကျတဲ့ မန္တလေး မြို့နဲ့ အနားယူအပန်းဖြေရာ မြို့တော်ဖြစ်တဲ့ းလွင်မြို့ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး လွယ်ကူကောင်းမွန်ခြင်း၊ သင့်တင့်မျှတတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်တို့ကြောင့် အစစအရာရာ သင့်တော် ကောင်းမွန်အဆင်ပြေတဲ့ နေရာတစ်ခုဖြစ်တာ တွေ့ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အိုင်တီကဏ္ဍရဲ့ ထိပ်တန်းမှာရှိတဲ့ အိမ်နီးချင်း အိန္ဒိယ နိုင်ငံမှာဆိုရင်လည်း အမြင့်ပေ ၃,၀၀၀ ကျော်မှာ တည်ရှိပြီး တစ်နှစ် ပတ်လုံး သာယာအေးမြတဲ့ ရာသီဥတုရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ “Silicon Valley” လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဘန်ဂလိုမြို့ဟာ အိန္ဒိယနိုင်ငံရဲ့ အိုင်တီ (IT) နယ်ပယ်မှာ အချက်အချာ အကျဆုံးမြို့ ဖြစ်ပါတယ်။ ဘန်ဂလိုမြို့မှာ ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရုံးခွဲ ကြီးတွေနဲ့ အိန္ဒိယနိုင်ငံ အာကာသသုတေသနအဖွဲ့ရဲ့ ဌာနချုပ် တည်ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

ယခု ဒီရတနာပုံမြို့သစ်ရဲ့ တည်နေရာအနေအထားအရ အိန္ဒိယ နိုင်ငံရဲ့ ဘန်ဂလိုမြို့ကဲ့သို့ အခြေခံကောင်းတွေ ရှိနေတာကို တွေ့ကြ ရမှာဖြစ်ပါတယ်။ မြို့သစ်ရဲ့ အနီးဝန်းကျင်မှာရှိတဲ့ နည်းပညာ တက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ မန္တလေးမြို့ အနီးပတ် ဝန်းကျင်ရှိ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေက လူ့စွမ်းအားအရင်းအမြစ်များကို Internship အလုပ်သင်အနေနဲ့ သုတေသနပြုလုပ် ရယူအသုံးပြုနိုင်ပြီး မြေတောင်မြှောက်ပေးနိုင်တဲ့ အားသာချက်တစ်ခုအနေနဲ့ ရှိနေပါတယ်။

ကျွန်တော်တို့အနေနဲ့ ASEAN Digital Master Plan ရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ အားလုံးပါဝင်နိုင်သော ဒစ်ဂျစ်တယ်အသိုက် ໑໐: (Inclusive Digital Community) | ဒစ်ဂျစ်တယ်ဂေဟစနစ် (Trusted Digital Ecosystem) ၊ ဆန်းသစ် တီထွင်မှုရှိသော ဒစ်ဂျစ်တယ်စီးပွားရေး (Innovative Digital Economy) ၊ အနာဂတ်အတွက် အသင့်ဖြစ်သော ကျွမ်းကျင်လုပ်သား များ (Future-Ready Workforce) ၊ ရေရှည်တည်တံ့သော ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု (Sustainable Digital Transformation) တို့ကို လည်း အကောင်အထည်ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ဒီလို အကောင်အထည်ဖော်ဆောင်တဲ့ နေရာမှာ မြို့ပြနဲ့ ကျေးလက် ဒေသအားလုံး လူတိုင်းလက်လှမ်းမီနိုင်တဲ့ လူတိုင်းသုံးနိုင်ပြီး ဈေးနှုန်း ချိုသာတဲ့ အင်တာနက်ချိတ်ဆက်မှု ရရှိဖို့၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းသူများအပါအဝင် ဒစ်ဂျစ်တယ် နည်းပညာကို အလွယ်တကူ အသုံးပြုနိုင်စေဖို့၊ ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ပြီး ဒေသတွင်း ဆိုက်ဘာတိုက်ခိုက်မှုများကို စုပေါင်း ကာကွယ်ဖို့၊ အွန်လိုင်းကတစ်ဆင့် ငွေကြေးလိမ်လည်မှုများကို နှိမ်နင်းပြီး သုံးစွဲသူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ ပတ်ဝန်း ကျင်တစ်ခု ဖန်တီးဖို့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ် မှုများကို ဒစ်ဂျစ်တယ်စနစ်နဲ့ ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့၊ Artificial Intelligence (AI) ကို အကျိုးရှိစွာ အသုံးချနိုင်ဖို့နဲ့ AI ဆိုင်ရာ ဘေးကင်းလုံခြုံမှု ကွန်ရက်တွေ ထူထောင်ဖို့၊ ဒေသတွင်းရှိလုပ်သားထုရဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ အချက်အလက်သိရှိနားလည်မှုနဲ့ ကျွမ်းကျင်မှုတွေကို မြှင့်တင်ပေးဖို့၊ အဆင့်မြင့်နည်းပညာဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးဖို့နဲ့ လုပ်ငန်းခွင်အတွင်း နည်းပညာ အသုံးချမှုကို တိုးမြှင့်ပေးဖို့၊ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ စတာတွေကိုလည်း အကောင်အထည် ဖော်သွားကြဖို့ လိုပါတယ်။

၂၀၂၆ ခုနှစ်မှာ ဉာဏ်ရည်တုနည်းပညာဟာ အရှိန်အဟုန်နဲ့ တိုးတက်နေတာကြောင့် အာဆီယံနိုင်ငံတွေအနေနဲ့ တာဝန်ယူမှုရှိတဲ့ ဉာဏ်ရည်တုနည်းပညာ (Responsible Al) ကို အထူးအလေးပေး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အာဆီယံနိုင်ငံအချင်းချင်း Al ဆိုင်ရာ ကျင့်ဝတ်စံနှုန်း (Ethical Guidelines) တွေကို ညှိနှိုင်းပြီး ဘေးကင်းတဲ့ Al အသုံးချမှုကို ဖော်ဆောင်နေတာကို တွေ့ရပါတယ်။ ဒစ်ဂျစ်တယ်စနစ်တွေ တိုးတက်များပြားလာတာနဲ့အမျှ အွန်လိုင်း လိမ်လည်မှုတွေလည်း များလာပါတယ်။ ဒါကို တိုက်ဖျက်ဖို့အတွက် အာဆီယံနိုင်ငံတွေကြားမှာ သတင်းအချက်အလက် မျှဝေခြင်း ကွန်ရက်ကို အရင်ကထက် ပိုမိုခိုင်မာအောင် တည်ဆောက်ဖို့ ရည်မှန်း ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။

ယခုလို ရတနာပုံမြို့သစ်မှာ လူငယ်တွေရဲ့ တီထွင်ဖန်တီးမှု တွေ၊ ပြည်တွင်း ပြည်ပ နည်းပညာကုမ္ပဏီတွေရဲ့ ခေတ်မီနည်းပညာ သစ်တွေကို တစ်နေရာတည်းမှာ မြင်တွေ့ခွင့်ရပြီး နည်းပညာဆိုင်ရာ ဆွေးနွေးနှီးနှောဖလှယ်ခွင့်ရနိုင်မယ့် ဒီပွဲကို ကျင်းပနိုင်တဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

ယနေ့ခေတ်ဟာ Digital Transformation လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုအရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ခေတ်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပွဲကို ကျင်းပရတဲ့ ရည်ရွယ်ချက်တွေကတော့ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားအပါအဝင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍမှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို အရှိန်အဟုန် မြှင့်တင်ဖို့၊ ဆိုက်ဘာနည်းပညာဆိုင်ရာ အသိပညာမြှင့်တင်ဖို့၊ စီးပွားရေးလုပ်ငန်း များရဲ့ ဒစ်ဂျစ်တယ်ပြိုင်ဆိုင်မှုစွမ်းရည်ကို မြှင့်တင်ဖို့၊ နည်းပညာရှင် များနဲ့ လုပ်ငန်းခွင်အကြား ချိတ်ဆက်မှုဖန်တီးဖို့နဲ့ နည်းပညာဂေဟ စနစ်တစ်ခု တည်ဆောက်ဖို့ စတဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်။

ဒီနည်းပညာဖလှယ်ပွဲနဲ့ ပြပွဲကနေပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်း နိုင်တဲ့ Software တွေ၊ Hardware တွေနဲ့ ဆန်းသစ်တဲ့ Solution တွေကို ဖန်တီးနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီနည်းပညာပြပွဲမှာ ပြသထားတဲ့ ကျောင်းသားလူငယ်တွေရဲ့ Project တွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံအုတ်မြစ်တွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။

အခုလို ကျင်းပရာမှာ နည်းပညာပြပွဲတင်မကဘဲ နည်းပညာ နှီးနှောဖလှယ်ဆွေးနွေးပွဲတွေကိုပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။ ဒီဆွေးနွေးပွဲတွေကနေပြီး ဉာဏ်ရည်တုနည်းပညာ၊ ဆိုက်ဘာ လုံခြုံရေး၊ ဘဏ္ဍာရေးဆိုင်ရာနည်းပညာ၊ ဒစ်ဂျစ်တယ်အခြေခံ အဆောက်အဦနဲ့ ဆန်းသစ်တီထွင်မှု စတဲ့ ခေါင်းစဉ်တွေကို ကျွမ်းကျင်သူတွေက နှီးနှောဖလှယ်သွားကြမယ်လို့ သိရပါတယ်။ တက်ရောက်လာသူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းခွင်နဲ့ ပညာရေးမှာ အသုံးချနိုင်မယ့် အတွေ့အကြုံသစ်တွေ ရရှိသွားမယ်လို့ မျှော်လင့် ပါတယ်။

ဒါ့အပြင် ဒီနှီးနှောဖလှယ်ပွဲကနေ နည်းပညာလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေနဲ့ ဝါသနာရှင် ကျောင်းသားလူငယ်တွေအကြား အခွင့် အလမ်းသစ်တွေ ဖော်ဆောင်နိုင်ပြီး ပြည်တွင်းဖြစ် နည်းပညာ တီထွင်မှုတွေကို အသိအမှတ်ပြု ဖော်ထုတ်ပေးခြင်းနဲ့ ပြည်တွင်း အခြေစိုက် အီလက်ထရောနစ် စက်ပစ္စည်းများနဲ့ အိုင်စီတီဆိုင်ရာ စက်ပစ္စည်းများ ထုတ်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေကိုလည်း ရရှိစေ မှာ ဖြစ်ပါတယ်။

ဒီ နည်းပညာပြပွဲနဲ့ ဆွေးနွေးဟောပြောပွဲတွေကနေ နိုင်ငံတော်ရဲ့ IT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ရတနာပုံမြို့သစ် စီမံကိန်းမှာ ဆိုက်ဘာနည်းပညာနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို ဦးစားပေး ဆောင်ရွက်နိုင်ရေးနဲ့ ဥာဏ်ရည်တုနည်းပညာ၊ ဂြိုလ်တုနည်းပညာ များကိုလည်း ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အကျိုးရှိမယ့် ရလဒ် တွေ ပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ရတနာပုံ မြို့သစ်စီမံကိန်းဧရိယာအတွင်း အီလက်ထရောနစ်ဆိုင်ရာ ပစ္စည်းများ အဓိကထုတ်လုပ်နိုင်ရေးနဲ့ နည်းပညာတက္ကသိုလ်များ ချိတ်ဆက်ပြီး လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေရေးတို့အတွက် လမ်းပြ မြေပုံတစ်ခု၊ မဟာဗျူဟာတစ်ခု ချမှတ်နိုင်ရေး အထောက်အကူပြု စေဖို့ မျှော်လင့်ပါတယ်။

ဒီလို မဟာဗျူဟာများ ရေးဆွဲချမှတ်ခြင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ကို ရေရှည်စဉ်ဆက်မပြတ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လက်တွေ့ကျကျ လေ့လာသုံးသပ် ကြဖို့ လိုအပ်ပါတယ်။ ဘက်ပေါင်းစုံက စဉ်းစားပြီး အားနည်းချက် မရှိတဲ့၊ ပြည့်စုံမှန်ကန်တဲ့ လုပ်ငန်းမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူအတွက် ရေရှည်အကျိုးရှိစေပြီး နိုင်ငံတကာကို ထိုးဖောက်နိုင်မယ့် စီမံကိန်းလုပ်ငန်းစဉ်များဖြစ်စေဖို့ အရေးကြီးပါ တယ်။ နည်းပညာသစ် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ လိုက်ပါလာတဲ့ လုံခြုံရေးကျိုးပေါက်နိုင်မှု၊ အမျိုးသားယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရား ထိခိုက်နိုင်မှု၊ ကျင့်ဝတ်သိက္ခာဆိုင်ရာတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်လုံခြုံမှု စတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ဆိုးကျိုး တွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်နည်းပညာ နယ်ပယ်၊ တစ်နည်းအားဖြင့် ဆိုက်ဘာ နယ်ပယ်ဟာ နယ်နိမိတ် ကန့်သတ်ပိုင်းခြားဖို့ ခက်ခဲပါတယ်။ ကမ္ဘာမှာ လူပြောများလာတဲ့ ဆိုက်ဘာနယ်နိမိတ် အချုပ်အခြာအာဏာ (Cyberspace Sovereignty) ကိုလည်း ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာမှာ ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လိုက်ပါလာတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ချိုးဖောက်တာတွေ၊ ဘက်လိုက်မှုကိစ္စရပ်တွေကနေ နိုင်ငံလုံခြုံရေး အထိ ခြိမ်းခြောက်နိုင်တာတွေဟာ ထိပ်တန်းစိန်ခေါ်မှုတစ်ရပ်ဖြစ်နေ တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာလည်း ဒါတွေကို ကာကွယ်နိုင်ဖို့ နည်းပညာဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေကို နည်းပညာတိုးတက်မှု နောက်ကနေ ပြဋ္ဌာန်းချမှတ်နေကြ ရတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေကို ထိန်းကျောင်းကြီးကြပ်နိုင်ဖို့ လိုအပ်တဲ့ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနဲ့အညီ ဟန်ချက်ညီညီ ရေးဆွဲချမှတ် ပြဋ္ဌာန်းနိုင်ရေး ကိုလည်း ဆောင်ရွက်သွားကြဖို့ အရေးကြီးတယ်ဆိုတာ တိုက်တွန်း မှာကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ “နည်းပညာဟာ အနာဂတ်ကို ပုံဖော်သူ” ဆိုတဲ့ စကားနဲ့အညီ ဒီပွဲကနေ ရရှိလာမယ့် နည်းပညာဆိုင်ရာ အသိပညာအတွေ့အကြုံတွေဟာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် တွန်းအားတစ်ခုဖြစ်ပါစေကြောင်းနဲ့ နှီးနှော ဖလှယ်ပွဲနဲ့ ပြပွဲကြီးကနေ နိုင်ငံအတွက် အကျိုးရှိတဲ့ သုံးသပ် ဖော်ထုတ်ချက်တွေ၊ ရလဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)