ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergey SHOIGU ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr. Sergey SHOIGU ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ





နေပြည်တော်၊ ဖေဖော်ဝါရီ ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်း နိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဆွေတော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံ ရေးကောင်စီအတွင်းရေးမှူးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကို လှိုက်လှဲနွေး ထွေးစွာကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ကျင်းပပြုလုပ်ခဲ့ပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့တွင် ရွေးကောက်ခံရသူကိုယ်စားလှယ်များ ၏အမည်စာရင်းအားနောက်ဆုံးထုတ်ပြန်သွားမည်ဖြစ်ပြီး မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်းအဝေးခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးသည့်အချိန်၌ အဆွေတော်၏ ခရီးစဉ်ရောက်ရှိလာမှုမှာလည်း ထူးခြားလေးနက်မှုရှိပါကြောင်း၊ အဆွေတော်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါ ကြောင်းဖြင့် ဦးစွာနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးက ဆွေး နွေးပြောကြားရာတွင် မိမိနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကိုနွေးထွေးစွာ ကြိုဆို မှုနှင့် တွေ့ဆုံခွင့်ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က အဆွေတော်တို့နိုင်ငံတွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအတွက် ပေးပို့လိုက်သည့် ဂုဏ်ပြုသဝဏ်လွှာအား လက်ရောက်ပေးအပ်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခက်အခဲများအကြားမှ ယခုကဲ့သို့ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှု အပေါ်တွင် မိမိတို့ရုရှားနိုင်ငံအနေဖြင့် အသိအမှတ်ပြုအပ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံ အကြား ကဏ္ဍစုံတွင်ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ ပြုလုပ်ချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့် ကြည့်လေ့လာရေးအဖွဲ့များလာရောက်ခဲ့ပြီး ပြည်သူများမှ တက်ကြွစွာဖြင့် ဆန္ဒမဲပေး ခဲ့ကြသည်ကိုမြင်တွေ့ခဲ့ရမှုနှင့် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ် အဖြစ် ကျင်းပနိုင်သည်ကို သိရှိခဲ့ရသည့်အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေ များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် မြန်မာ တပ်မတော်မှပါဝင်ချီတက်ခဲ့မှုအပေါ် ရုရှားနိုင်ငံမှ အမြဲအမှတ်ရနေမည်ဖြစ်ပြီး ဖက်ဆစ် တော်လှန်ရေးနှင့်ပတ်သက်၍ တူညီသော သမိုင်းကြောင်းများရှိခဲ့သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား Cyber security ၊ Information security တို့ အပါအဝင်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ်ချမှတ်၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ နှင့်နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက် ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ အာကာသနည်းပညာ ဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင် ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်း ရေးမှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)