PDF လူငယ်တွေကို လမ်းပြသူ (သို့မဟုတ်) ပုလဲ နဂါး - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF လူငယ်တွေကို လမ်းပြသူ (သို့မဟုတ်) ပုလဲ နဂါး


တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေကြတဲ့ PDF လူငယ်တွေကို အမြင်မှန်ရစေချင်တယ်။ အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာတာကို မြင်ချင်ကြတယ်။ ဒါက မိဘပြည်သူတွေရဲ့ မျှော်လင့်ချက် အစစ်အမှန်ပါ။ ဘာကြောင့်လဲဆိုရင် သန္ဓေမမှန်တဲ့ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ စကားတွေကို နားယောင်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ဒေသခံပြည်သူများကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်သမားများ ဖြစ်နေကြလို့ပါပဲ။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေက မည်သို့ပင် တော်လှန်ရေးလို့ အသံကောင်းဟစ်နေစေကာမူ PDF တွေရဲ့ လုပ်ရပ်တွေဟာ တော်လှန်ရေးလမ်းကြောင်းပေါ်မှာ ရှိမနေတော့ပါဘူး။ သူခိုး ဓားမြဘဝကို ရောက်ရှိနေပါပြီ။ 

အတွေ့အကြုံရှိတဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကလည်း PDF တွေသည် သူခိုး ဓားမြတွေ ဖြစ်လာမယ်ဆိုတာကို ကြိုတင်ဟောကိန်း ထုတ်ခဲ့ကြပါတယ်။ ဘာကြောင့် အခုလို ဖြစ်ရသလဲဆိုရင် ပြည်ပြေး ဝရမ်းပြေးတွေဟာ PDF လူငယ်တွေအတွက် ဘာမှ တာဝန်ယူခြင်း၊ တာဝန်ခံခြင်း မရှိလို့ပါပဲ။ PDF လူငယ်တွေကို ပြည်ပကနေ ထောက်ပံ့ပေးနေတဲ့ ပုံစံက လူသတ်မှ ငွေရမယ်၊ နာမည်စာရင်းနဲ့ လူလိုက်သတ်ခိုင်းပြီး လူသတ်ပြီး မှ ငွေပေးခြင်းဖြစ်ပါတယ်။ ဖောက်ခွဲရေးလုပ်ခိုင်းပြီးမှ ငွေပေးတယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ နည်းမှန်လမ်းမှန်မဟုတ်တဲ့ လုပ်ဆောင်ချက်တွေကြောင့်ပဲ PDF တွေဟာ လူသတ်ပြီး ငွေရှာတဲ့ ကြေးစားလူသတ်သမားတွေ ဖြစ်လာပါတယ်။ နောက်တော့ ပြည်ပြေးတွေမှာလည်း ရသမျှအလှူငွေတွေကို ဝေမျှပြီး ခိုးကြရင်းက PDF တွေဆီကို အထောက်အပံ့က ပုံမှန်ရောက်မလာတော့ဘူး။ အဲဒီတော့ PDF တွေသည်လည်း လက်ထဲမှာ လက်နက်ရှိနေတာ ဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေထံ က ဆက်ကြေးကောက်၊ နီးစပ်ရာမှာ ငွေကြေးဓနပြည့်စုံတဲ့ အိမ်ကလူတွေကို ပြန်ပေးစွဲပြီး ငွေနဲ့ရွေးခိုင်းတဲ့ အလုပ်တွေ လုပ်လာကြပါတယ်။

PDF တွေရဲ့ ဆိုးသွမ်းယုတ်မာရိုင်းစိုင်းလွန်းတဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့လို့ တချိန်က ဟေးလားဝါးလား PDF ကို ထောက်ခံအားပေးခဲ့ကြသူတွေတောင် PDF ကို ဆန္ဒပြကန့်ကွက်ရှုတ်ချမှုတွေ လုပ်သည်အထိ ဖြစ်လာပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ထဲမှာ NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့နဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ ပြဿနာတက်နေတဲ့ သတင်းတွေ တွေ့မြင်နေရပါတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က သူ့ရဲ့လက်ပါးစေ ပဒက်တွေကို ဗိုလ်နဂါးကို ရှင်းဖို့ ပြောဆိုလိုက်တဲ့ အခြေအနေမျိုးကြောင့် ပဒက်တွေက ဗိုလ်နဂါးကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။ 

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စာရေးသူအနေနဲ့က အကြမ်းဖက်လမ်းစဉ်ပေါ်မှာ ရှိနေတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ခေါင်းထဲ ထည့်မထားပါဘူး။ နောက်ဆုံးမှာ အကြမ်းဖက်လှုပ်ရှားမှုသည် အချင်းချင်း ရန်လိုအမုန်းပွားပြီး ပြဿနာတွေတက်မယ်။ အချင်းချင်း သတ်ကြဖြတ်ကြမယ်။ ဒီဘူတာကိုပဲ စိုက်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာတဲ့ လူငယ်တွေရဲ့ ပြောပြချက်တွေကို သုံးသပ်ကြည့်မယ်ဆိုရင်ပဲ PDF ခေါင်းဆောင်ဆိုသူတွေဟာ သူတလူ ငါတမင်း လူငယ်လူရွယ်တွေကို သေတွင်းထဲတွန်းပို့ပြီး ကြီးနိုင်ငယ်ညှဉ်း တိရစ္ဆာန်ဝါဒကို ထူထောင်နေပြီဆိုတာ အထင်အရှား တွေ့မြင်နေရပါတယ်။

ပေါ်ပေါက်လာတဲ့ အကြမ်းဖက်အဖွဲ့တွေထဲမှာ ပုလဲမြို့နယ်ထဲက ဗိုလ်နဂါး ဦးဆောင်တဲ့အဖွဲ့ကတော့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ သန္ဓေမမှန်တဲ့ လုပ်ရပ်တွေကို ထောက်ပြပြောဆိုတယ်။ အာဏာသိမ်းတာကို မကြိုက်လို့ လက်နက်ကိုင် လမ်းစဉ်ပေါ် လိုက်ခဲ့ပေမယ့် ရပ်တည်ချက်မမှန်တဲ့ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်အောက်ကို ခေါင်းလျှိုပြီး ဝင်သွားတာမျိုး မရှိခဲ့ဘူး။ ပြည်ပြေး ဝရမ်းပြေးတွေဆီက အထောက်အပံ့မရဘဲ သူ့နည်းသူ့ဟန်နဲ့ ရှာဖွေပြီး ရပ်တည်နေတယ်။ ဒေသတွင်းမှာ ရှိနေတဲ့ PDF အဖွဲ့တွေက ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ လုပ်ရပ်တွေကိုလည်း ပေါ်ပေါ်ထင်ထင် ကန့်ကွက်ခဲ့တယ်။ ဗိုလ်နဂါးအဖွဲ့နဲ့ NUG လက်အောက်ခံ PDF အဖွဲ့တွေ မကြာခဏ ဆိုသလို ပြဿနာပေါ်ပေါက်တာမျိုး ရှိပါတယ်။ 

ဗိုလ်နဂါးရဲ့ ရပ်တည်ချက်ဟာ NUG ထိန်းချုပ်လို့ မရတဲ့အခြေအနေမှာ ရှိနေတဲ့အတွက် NUG က ဆရာတင်ထားတဲ့ KIA က ဗိုလ်နဂါးအဖွဲ့ကို ရှင်းခိုင်းတယ်လို့ သတင်းတွေ ထွက်လာတာလည်း ရှိပါတယ်။ ဆိုတော့ ပြည်ပြေး ဝရမ်းပြေးတွေသည် ကျည်လွတ်မြေမှာ တိမ်းရှောင်နေပြီး ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော ဆိုတဲ့ သဘောမျိုးနဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လာတဲ့အချိန်မှာ ဗိုလ်နဂါး က KIA, NUG ဆိုတဲ့ ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်အောက်မှာ အညံ့ခံခြင်းမျိုး မရှိဘဲ ဥပဒေဘောင်အတွင်းကို လက်နက်များ အပ်နှံပြီး ဝင်ရောက်လာခဲ့ပါတယ်။

သတင်းထုတ်ပြန်ချက်မှာတော့ PDF အပါအဝင် အခြားသော အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အား ဆန့်ကျင်တိုက်ခိုက်ခြင်း၊ နယ်မြေခံပြည်သူလူထုများအား လက်နက် အားကိုးဖြင့် အနိုင်ကျင့်ခြင်းများလုပ်ဆောင်လျက်ရှိသည့်အပြင် အချိန်ကြာ မြင့်လာ သည်နှင့်အမျှ ကိုယ်ကျိုးစီးပွားကို အခြေခံ၍ နယ်မြေလုချင်း၊ ဝေစုမတည့်ခြင်း၊ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း စသည်တို့ဖြစ်ပေါ်လာခဲ့ခြင်းတို့ကြောင့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးအနေဖြင့် အကြမ်းဖက် လုပ်ရပ်များအား လုပ်ဆောင်နေမှုများအား မနှစ်မြို့တော့ခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံလာခြင်းတို့ကြောင့် ယခုကဲ့သို့ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသည့် BNRA အမည်ခံအဖွဲ့မှ အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစုဝင်များအား နယ်မြေခံ လုံခြုံရေးတပ်ဌာနချုပ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ၊ ဆေးဝါးအကူအညီများနှင့် အုပ်ချုပ်မှုကိစ္စရပ်များအား အဆင် ပြေမှုရှိစေရေးဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့်လိုအပ်သည့် စိစစ်မှုများကို လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

သတင်းထုတ်ပြန်ချက်အရဆိုရင် တပ်မတော်အနေနဲ့ ဗိုလ်နဂါးကိုလည်း လက်နက်ခဲယမ်းများ အပ်နှံတဲ့အတွက် လက်နက်ခဲယမ်းတန်ဖိုးနဲ့ သီးခြားထောက်ပံ့ကြေးတွေလည်း ချီးမြှင့်ပေးမှာပဲ ဖြစ်ပါတယ်။ ဒါက ဗိုလ်နဂါးကိုမှ မဟုတ်ပါဘူး။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတိုင်းကို နိုင်ငံတော်က အတိအလင်း သတင်းထုတ်ပြန်ထားပြီး ဖြစ်သည့်အတိုင်း လက်နက်ခဲယမ်းများ အပ်နှံရင် လက်နက်ခဲယမ်း တန်ဖိုးအလိုက် ချီးမြှင့်သည့်အပြင် လက်နက်ခဲယမ်း အပ်နှံနိုင်ခြင်း မရှိသူတွေကိုလည်း ထောက်ပံ့ငွေနဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်နေတာပဲ ဖြစ်ပါတယ်။

PDF အဖွဲ့ထဲမှာ ကြီးနိုင်ငယ်ညှဉ်း ဒုက္ခတွေကို ခါးစီးခံခဲ့ရတဲ့ ညီငယ်၊ ညီမငယ်တွေလည်း အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဗိုလ်နဂါးအဖွဲ့ ဥပဒေဘောင်အတွင်း ဝင်လာချိန်မှာတော့ PDF အဖွဲ့ထဲမှာ ရှိနေတဲ့ ညီငယ်၊ ညီမငယ်တွေအနေနဲ့ စဉ်းစားစရာတွေ များစွာဖြစ်လာပါပြီ။

သူကိုယ်တိုင် ဦးဆောင်ရပ်တည်နိုင်တဲ့ သူတစ်ယောက်ကိုပင် NUG က သူတို့ရဲ့ သြဇာမခံရကောင်းလားဆိုပြီး အပြတ်ရှင်းဖို့ ကြံစည်တယ်။ ဒီနေရာမှာ ဗိုလ်နဂါးသာ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေထံမှာ အညံ့ခံလိုက်မယ်ဆိုရင် ဗိုလ်နဂါးဆိုတဲ့ ဘဝဟာ ရှင်လျက်သေနေရတော့မှာ ဖြစ်တယ်။ အဆိုးဆုံးအခြေအနေက ရက်စက်စွာ သတ်ဖြတ်လိုက်တာမျိုးအထိလည်း ဖြစ်နိုင်ပါတယ်။ 

ယနေ့ နိုင်ငံရေးအခင်းအကျင်းကို ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေးစကားကို နိုင်ငံစင်မြင့်ထက် တက်ပြီး ပြောလို့ရတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG ပြည်ဖျက်မိစ္ဆာများအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ စွမ်းနိုင်ခဲ့ခြင်းမျိုး မရှိဘူး။ ၂၀၂၁ မှ ၂၀၂၅ ကာလတလျှောက်လုံး ငါနဲ့မတူ ငါ့ရန်သူ ငါတို့ကို ထောက်ခံအားပေးခြင်းမရှိတဲ့ မည်သူ့ကိုမဆိုသတ်ခဲ့ကြတယ်။ သံဃာတော်၊ ဆရာ/ ဆရာမ၊ ဆရာဝန်၊ အခြားသော နိုင်ငံဝန်ထမ်းများ၊ အခြားပါတီဝင်များ၊ အမျိုးသားရေးလှုပ်ရှားသူ အားလုံးကို ရန်သူလို သဘောထားပြီး လုပ်ကြံသတ်ဖြတ်ဖို့ပဲ အစဉ်သဖြင့် ခိုင်းစေခဲ့ကြတယ် မဟုတ်ပါလား။ သူတို့မှာ ပြည်သူအားလုံးအပေါ် တပြေးညီ မမြင်နိုင်ဘူး။ ဒီနေရာမှာ တပ်မတော်ခေါင်းဆောင်များကလည်း ပြည်ပြေး ဝရမ်းပြေး CRPH, NUG က ဟာတွေလို CRPH, NUG နဲ့ ပတ်သက်ဆက်နွယ်သူမှန်သမျှကို ရှင်းလင်းခဲ့သော် အပြန်အလှန် သတ်ဖြတ်မှုတွေနဲ့ လူမျိုးတုန်းဖို့သာ ရှိပါတော့တယ်။

ဗိုလ်နဂါးအနေနဲ့က ရွေးကောက်ပွဲအခင်းအကျင်းနဲ့ နိုင်ငံရေးအပြောင်းအလဲကိုလည်း ချိန်ဆသူဖြစ်တယ်။ ပြည်ပြေး ဝရမ်းပြေးတွေသည် ငါတကော ကောပြီး အာဏာရှင်ဆန်ဆန် လုပ်နေတာတွေကို ထောက်ပြခဲ့သူလည်း ဖြစ်ပါတယ်။ ဒီအခြေအနေကို ထောက်ရှုပြီး PDF အဖွဲ့ထဲက ညီငယ်၊ ညီမငယ်တွေကလည်း တွက်ဆကြဖို့ လိုပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက တပ်မတော်ကို အာဏာရှင်လို့ ကင်ပွန်းတပ်ခဲ့ကြပေမယ့် တပ်မတော်က အာဏာရှင်ဆန်ဆန် မလုပ်ခဲ့ဘဲနဲ့ ပြည်ပြေး ဝရမ်းပြေးတွေကသာ ငါနဲ့မတူ ငါ့ရန်သူ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့သူမှန်သမျှကို သတ်ဖြတ်ဖို့သာ အစဉ်သဖြင့် ခိုင်းစေခဲ့ကြတယ်။ ပြည်ပြေး ဝရမ်းပြေးတွေက ပိုပြီး အာဏာရှင်ဆန်မနေဘူးလား။ PDF ညီငယ်၊ ညီမငယ်တွေကိုယ်တိုင်လည်း ကိုယ့်ရပ်ရွာထဲက ကိုယ်နဲ့ ဆွေမျိုးမကင်းတဲ့သူတွေကိုတောင် အကြမ်းဖက်လှုပ်ရှားမှုထဲ မပါရကောင်းလားဆိုပြီး နည်းအမျိုးမျိုးနဲ့ ရန်ရှာကာ ဒုက္ခပေးခဲ့ကြဖူးတယ် မဟုတ်ပါလား။ 

အချုပ်အားဖြင့် နိုင်ငံရေးအခင်းအကျင်းက ပုံစံပြောင်းလာပါပြီ။ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကိုလည်း အောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်သလို ပြည်သူတွေက ရွေးချယ်တင်မြောက်ထားတဲ့ ကိုယ်စားလှယ်တွေက အစိုးရသစ်ကို ဖွဲ့စည်းတော့မှာ ဖြစ်တဲ့အတွက် CRPH, NUG ဆိုတာ ပြည်ပကနေ မည်သို့ပင် အာချောင်နေစေကာမူ တရားဝင်မှု ဘာမှမရှိပါဘူး။ တရားဝင် အစိုးရသဖွယ် လုပ်ကြံဖန်တီး ပြောဆိုနေခြင်းဟာလည်း ယုတ္တိမရှိတော့ပါဘူး။ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ခြင်းကသာ မှန်ကန်သော ရွေးချယ်မှုပါ။


နောင်တော်လေး (ဘိုကလေး)

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)