PDF အဖွဲ့ဝင်တွေ ဆုံးဖြတ်ချက် မှန်ကန်ပါစေ - Myanmar National Post

Myanmar National Post

News Agency

Breaking

PDF အဖွဲ့ဝင်တွေ ဆုံးဖြတ်ချက် မှန်ကန်ပါစေ


ယနေ့မင်္ဂလာရှိတဲ့သတင်းကို ကြားရတာ မင်္ဂလာရှိပါတယ်။ အခြားသော အင်္ဂလာသတင်းတွေလည်း ပလူပျံလို့ပေါ့။ တကယ်ကို မင်္ဂလာရှိတဲ့ သတင်းက မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ PDF အဖွဲ့ဝင် (၁၅၀)ဦးက လက်နက် (၁၈)လက်၊ ခဲယမ်းတွေနဲ့ အတူ ဖေဖော်ဝါရီလ (၁၃)ရက် နံနက်ပိုင်းက ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာကြောင်း သိရပါတယ်။ ဒီသတင်းဟာတော့ မင်္ဂလာရှိတဲ့သတင်းကောင်းဖြစ်ပါတယ်။ ဘယ်အရပ် ဘယ်ဒေသက PDF အဖွဲ့ဝင်တွေလည်းလို့ ကြည့်လိုက်တော့ မြို့နယ်စုံက ပါဝင်နေပါတယ်။ ဘာကြောင့် မင်္ဂလာရှိတာလဲလို့ မေးရင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုမှုတွေကို နားယောင်ပြီး အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့ရာကနေ အသိတရားရပြီး လမ်းမှန်ပေါ် ပြန်ရောက်လာတဲ့အတွက် မင်္ဂလာရှိပါတယ်။

PDF အဖွဲ့ထဲ ရောက်နေတဲ့ လူငယ်တွေမှာ တချို့ မိမိဆန္ဒသဘောအရ ဝင်ရောက်သွားကြတာ ရှိမယ်။ တချို့ကတော့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံရပြီး PDF ဖြစ်နေရတဲ့ လူငယ်တွေလည်း ရှိပါတယ်။ မည်သို့ပင်ဆိုစေ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကို ယုံကြည်ပြီး PDF ထဲ ဝင်ခဲ့ကြသူများဖြစ်စေ၊ အလိုမတူဘဲ အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး PDF အဖွဲ့ထဲမှာ အကြမ်းဖက်သမားများအဖြစ် တာဝန်ထမ်းဆောင်နေကြရသူများဖြစ်စေ အားလုံးသော လူငယ်တွေဟာ မြန်မာနိုင်ငံသားများဖြစ်ကြပါတယ်။ မြန်မာနိုင်ငံသား တိုင်းရင်းသားမိဘပြည်သူများက မွေးဖွားတဲ့ သားသမီးများဖြစ်တဲ့အတွက် အားလုံးကို အေးချမ်းစွာ နေထိုင်စေလိုတဲ့အတွက် ဥပဒေဘောင်အတွင်းကို ဝင်ရောက်ကြဖို့ အစိုးရက လမ်းဖွင့်ပေးထားတယ်။ စောစီးစွာ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သူတွေ မိသားစုနဲ့အတူ  အေးချမ်းစွာ နေထိုင်ခွင့်ရနေကြပြီ။ ကိုယ်တိုင်လည်း အတိဒုက္ခမရောက်တော့သလို ကိုယ့်ကြောင့် သူတပါး အတိဒုက္ခရောက်စေမယ့် အလုပ်တွေလည်း မလုပ်မိတော့ဘူးပေါ့။ ဒါကြောင့် ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းဟာ မိမိအတွက်ရော သူတပါးအတွက်ပါ မင်္ဂလာရှိတဲ့အလုပ်ဖြစ်ပါတယ်။

၁၃-၂-၂၀၂၆ ရက်နေ့ မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင်များကို မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲမှာ -

အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး(၃)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား(၁၃)ဦး ၊ အမျိုးသမီး(၂)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား(၇)ဦး၊ ၊ ငါန်းဇွန်မြို့နယ်မှ အမျိုးသား(၁)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၁၂)ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသား (၅)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၂၈)ဦး၊ အမျိုးသမီး(၁)ဦး၊  မိုးကုတ်မြို့နယ်မှ အမျိုးသား(၁)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၃)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား(၄)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား(၃၈)ဦး၊ အမျိုးသမီး(၃)ဦး၊  တောင်သာမြို့နယ်မှ အမျိုးသား(၂)ဦး၊ ချောက်မြို့နယ်မှ အမျိုးသား(၄)ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား(၇)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၂)ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသား (၄)ဦး၊ အောင်လံမြို့နယ်မှ အမျိုးသား(၁)ဦး၊ သရက်မြို့နယ်မှ အမျိုးသမီး(၁)ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား(၃)ဦး စုစုပေါင်း PDF အဖွဲ့ဝင် (၁၅၀)ဦး ဖြစ်ပါတယ်။ မြို့နယ်စုံက PDF အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ၎င်းတို့နှင့်အတူ ပါရှိလာတဲ့ မောင်းပြန်ရိုင်ဖယ် ၁၅ လက်၊ RPG တစ်လတ်၊ လက်လုပ် သေနတ် ၂ လက်၊ လက်ပစ်ဗုံး/ဗုံးသီး ၁၉ လုံး၊ စကားပြောစက် ၅ လုံး၊  ကျည်အိမ် ၃၅ ခု၊ ကျည် ၉၇၂ တောင့်၊ ကျည်ကာအင်္ကျီ (၄)ထည်တို့ကို တာဝန်ရှိသူများထံ အပ်နှံပါတယ်။

အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က ရိုင်ဖယ်အုပ်စုဝင် သေနတ်တစ်လက် အတွက် ဆုကြေးငွေ သိန်း(၅၀) နှုန်းဖြင့် သေနတ် (၁၅)လက်အတွက် ငွေကျပ် သိန်း(၇၅၀)၊ RPG တစ်လက်အတွက် ဆုကြေးငွေ (၇၅)သိန်း၊  လက်လုပ်သေနတ် တစ်လက်နှုန်းအတွက် ဆုကြေးငွေ (၅)သိန်းနှုန်းဖြင့် သေနတ် (၂)လက်အတွက် ငွေကျပ် (၁၀)သိန်း၊ လက်ပစ်ဗုံး/ဗုံးသီး တစ်လုံးစီအတွက် ဆုကြေးငွေကျပ် (၃)သိန်းနှုန်းဖြင့် (၁၉)လုံးအတွက် ငွေကျပ် (၅၇)သိန်း၊ စကားပြောစက် တစ်လုံးအတွက် ဆုကြေးငွေ (၂)သိန်းနှုန်းဖြင့် စကားပြောစက် (၅)လုံး အတွက် ဆုကြေးငွေ (၁၀)သိန်း၊ ကျည်ကာ အင်္ကျီတစ်ထည်လျှင် ဆုကြေးငွေ (၂)သိန်းနှုန်းဖြင့် ကျည်ကာအင်္ကျီ (၄)ထည်အတွက် ဆုကြေးငွေ (၈)သိန်းနှင့် လက်နက်မပါသူများအား တစ်ဦးလျှင် ငွေကျပ် (၁)သိန်းနှုန်းဖြင့် (၁၃၃)ဦးအတွက် ဆုကြေးငွေကျပ် (၁၃၃)သိန်းကျပ် စုစုပေါင်းငွေကျပ် (၁၀၄၃)သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။ အင်မတန် မင်္ဂလာရှိပါတယ်။ အစိုးရတာဝန်ရှိသူများအနေနဲ့ကတော့ PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အတိဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူများအတွက်လည်း တာဝန်ယူ ကူညီရသလို PDF တွေကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ဖိတ်ခေါ်တဲ့အထဲမှာ ပါရှိသည့်အတိုင်း လက်နက်ခဲယမ်းများ အပ်နှံရင် သတ်မှတ်ထားသည့်တန်ဖိုးအတိုင်း ချီးမြှင့်ပေးတယ်။ လက်နက်မအပ်နိုင်ရင်လည်း ထောက်ပံ့ကြေး ပေးပါသေးတယ်။

မင်္ဂလာသတင်းပြီးတော့ အမင်္ဂလာသတင်းများကိုလည်း ပြည်သူများ မှန်ကန်စွာ သုံးသပ်နိုင်စေဖို့ အနည်းငယ်မျှ ကောက်နှုတ်ဖော်ပြလိုပါတယ်။ ရခိုင်ပြည်နယ်မှာ AA အကြမ်းဖက်အဖွဲ့ အခြေပြုစခန်းနေရာတွေကို တပ်မတော်က လေကြောင်းကနေ ရှင်းလင်းဆောင်ရွက်နေပါတယ်။ AA အကြမ်းဖက်အဖွဲ့ဝင်တွေ သေဆုံးမှုများပြားလာတဲ့ အခါကြတော့ AA အကြမ်းဖက်အဖွဲ့က သတင်းတွေ ထုတ်ပြန်လာပါတယ်။ တပ်မတော်ကပဲ အပြစ်မဲ့ပြည်သူများကို ပစ်ခတ်တိုက်ခိုက်နေသယောင် သတင်းတွေ ထုတ်ပြန်လာပါတယ်။ AA အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို ချဲ့ကားပြီး ပြည်ဖျက်မီဒီယာတွေကလည်း ပလူပျံအောင် ဖော်ပြကြပါလိမ့်မယ်။ အကြမ်းဖက်သမားမရှိတဲ့နေရာ တပ်မတော်က အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေတာ မရှိပါဘူး။ ဒါက အကြမ်းဖက်သမားမရှိတဲ့ ဒေသမှာ နေထိုင်တဲ့ ပြည်သူတွေ အသိဆုံးပေါ့။ အကြမ်းဖက်သမားမရှိရင် တပ်မတော်က လေကြောင်းကလည်း မလာသလို၊ ရေကြောင်းကလည်း မလာပါဘူး။ 

တပ်မတော်က အကြမ်းဖက်သမား အခြေပြုရာနေရာများကို လေကြောင်းကနေ ရှင်းလင်းတယ်ဆိုတာ တိကျမှန်ကန်မှု (၁၀၀)ရာခိုင်နှုန်း သေချာမှ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ 

နောက်ထပ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ PDF စခန်းတစ်ခုကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က လေကြောင်းကနေ ရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

PDF အဖွဲ့ဝင်တွေက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာတွေကို သတင်းပေးပို့ထားတာ တွေ့ရပါတယ်။ ပြည်ဖျက်မီဒီယာတွေမှာ ဖော်ပြထားတာကတော့ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တယ်၊ PDF စခန်းပေါ်ကို ဗုံးကျရောက် ပေါက်ကွဲတာကြောင့် PDF တပ်ဖွဲ့ဝင် တစ်ဒါဇင်ဝန်းကျင် သေဆုံးတယ် ဆိုတဲ့ ဖော်ပြချက်တွေ တွေ့ရပါတယ်။

PDF အကြမ်းဖက်သမားက ပြည်ဖျက်မီဒီယာကို ပြောထားရာမှာတော့ “ဂျိုင်ရိုကော်ပတာ လာတာလည်းသိတယ်။ ပြန်ပစ်ဖို့ဆိုပြီး ကတုတ်ကျင်းထဲမှာ နေရာယူထားတာ။ ကြဲချတဲ့ အဖြစ်အပျက်က အရမ်းမြန်တော့ ရှောင်ချိန်မရလိုက်ဘူး” လို့ ပြောပါသတဲ့။

အဖြစ်အပျက်က အရမ်းမြန်သွားသလား လို့ မေးချင်တာ။ မင်းတို့ PDF တွေက မင်းတို့ကိုထောက်ခံအားပေးခြင်း မရှိတဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ နေ့မြင် ညပျောက် ဒေသခံပြည်သူတွေမှာ ထိတ်လန့်တုန်လှုပ်နေရတယ်။ အဖြစ်အပျက်တွေက အရမ်းမြန်တယ်။ အေးချမ်းစွာ နေထိုင်လျက်ရှိတဲ့ ပြည်သူများမှာ နေ့ချင်းညချင်း ဘဝပျက်ပြီး နေရပ်စွန့်ခွါ ထွက်ပြေးခဲ့ရတာတွေ ရှိတယ်။

အဲဒီတော့ တူသောအကျိုးက အကုသိုလ် ကြီးရင် ကြီးသလောက် အကျိုးပေးမြန်တယ်။ ဒေသခံပြည်သူများစွာကို နေ့ချင်းညချင်း အတိဒုက္ခရောက်အောင် လုပ်ခဲ့တဲ့ မင်းတို့ရဲ့ ကြီးမားသော အကုသိုလ်အကျိုးပေးက ပြန်ပစ်ဖို့ နေရာယူထားပြီးချိန်မှာတောင် အဖြစ်အပျက်က အရမ်းမြန်လွန်းတော့ လက်တုန့်ပြန်လို့ မရလိုက်ဘူးဖြစ်သွားတယ်။ သနားစရာပေါ့ဗျာ။

အထက်ဖော်ပြပါ အခြေအနေများကို နှိုင်းချိန်ကြည့်မယ်ဆိုရင်ပဲ PDF အဖွဲ့ထဲမှာ ရှိနေသေးတဲ့ လူငယ်တွေ အကြမ်းဖက်သမားအဖြစ်နဲ့ အကြမ်းဖက်လမ်းစဉ်ပေါ်မှာပဲ ဆက်ရှိနေသင့်သလား၊ ဥပဒေဘောင်အတွင်း ဝင်ရောက်သင့်သလားဆိုတဲ့ အဖြေကို ရှာတွေ့မယ်လို့ ထင်ပါတယ်။ နောက်ထပ် စဉ်းစားစရာတစ်ခုက PDF အဖွဲ့ထဲမှာ ကြီးနိုင်ငယ်ညှဉ်း၊ အချင်းချင်း နှိပ်စက်ကလူပြု စော်ကားနေတာတွေကို ခါးသီးစွာ ရင်ဆိုင်ပြီး ရှင်သန်မလား။ တိုင်းဖျက် ပြည်ဖျက် လုပ်သူချင်းအတူတူ လူပါးဝနေတဲ့ PDF ခေါင်းဆောင်ဆိုတဲ့ ကောင်တွေကို PDF အဖွဲ့ဝင်တွေက ညီညီညွတ်ညွတ်နဲ့ ရှင်းလင်းပြီး လက်နက်ခဲယမ်းတွေပါ အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်လိုက်ကြမယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာပါ မရှိတော့ဘူး။ တော်လှန်ရေးလို့ အသံကောင်းဟစ်ပြီး ပြည်သူများကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ PDF ခေါင်းဆောင်တွေကို နှိမ်နင်းခြင်းအားဖြင့် အများပြည်သူအတွက်ပါ မိမိတို့က တာဝန်ကျေပွန်အောင် ဆောင်ရွက်တယ်လို့ မှတ်ယူနိုင်ပါတယ်။

တိုင်းပြည်ရဲ့ အရွေ့၊ နိုင်ငံရေးအခင်းအကျင်းက ပြောင်းလဲလာသလို လွှတ်တော်ပေါ်ပေါက်လာသည့်အခါ ပြည်သူများကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်လှုပ်ရှားမှု ပပျောက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုမှုတွေလည်း ရှိလာမှာ ဖြစ်သလို တပ်မတော်အနေနဲ့ကလည်း ပြည်သူ့အသံ၊ လွှတ်တော်အသံကို ထင်ဟပ်ပြီး ပြည်သူများရဲ့ တောင်းဆိုမှုတွေကို အလေးထားဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးက ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လာမှာ ဖြစ်တဲ့အတွက် PDF အဖွဲ့တွေက အများပြည်သူကို အတိဒုက္ခရောက်အောင် လုပ်နေရင် တပ်မတော်ကလည်း မဖြစ်မနေရှင်းရမှာပဲ ဖြစ်ပါတယ်။ အစိုးရက PDF အပါအဝင် အကြမ်းဖက်အဖွဲ့များထဲမှာ ရောက်ရှိနေသူတွေ ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ဖိတ်ခေါ်နေခြင်းဟာ မိမိတို့တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေ မဆုံးရှုံးစေဖို့ ဖြစ်ပါတယ်။ PDF အဖွဲ့ဝင်တွေအနေနဲ့ ဆင်ခြင်တုံတရားရှိပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လိုက်မယ်ဆိုရင် PDF လူငယ်တွေကို အသုံးချပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ KIA, KNU တို့ရဲ့ လှုပ်ရှားမှုတွေဟာလည်း ကျွဲကူးရေပါ ဆိုသလို PDF လူငယ်တွေကို အသုံးချလို့ မရတော့နိုင်တဲ့အတွက် အကြမ်းဖက်လှုပ်ရှားမှုတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ PDF အဖွဲ့ဝင်လူငယ်များအနေနဲ့ မိမိတို့အတွက်လည်း မင်္ဂလာရှိ၊ တိုင်းပြည်အတွက်လည်း မင်္ဂလာရှိ၊ အများပြည်သူအတွက်လည်း မင်္ဂလာရှိစေမယ့် လမ်းကို ရွေးချယ်နိုင်ကြစေဖို့ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)