ရှေးဟောင်းကျောက်စာများအား (Reflectance Transformation Imaging - RTI) စနစ်ဖြင့် ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးခြင်းလုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှေးဟောင်းကျောက်စာများအား (Reflectance Transformation Imaging - RTI) စနစ်ဖြင့် ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးခြင်းလုပ်ငန်းဆောင်ရွက်

 



ပုဂံ၊ ဖေဖော်ဝါရီ ၁၈

ကမ္ဘာ့အမွေအနှစ်ဒေသပုဂံသည် သမိုင်းရာဇဝင်များအရ  ခရစ်သက္ကရာဇ် ၁၀၈ ခုနှစ်မှစ၍ ပုဂံမြို့ပြတည်ထောင်ပြီး မင်း(၅၅)ဆက်တိုင် အုပ်စိုးခဲ့သောမြို့ပြနိုင်ငံ ဖြစ်ခဲ့သည်။ မြို့ပြနိုင်ငံဖြစ်ခဲ့ကြောင်း ယနေ့ထိတွေ့မြင်နိုင်သည့် ဘုရားစေတီပုထိုးများ၊ ဘာသာရေး ဆိုင်ရာသာသနိက အဆောက်အအုံများက သက်သေတည်လျက်ရှိသည်။ အဆိုပါ ဘုရား၊ စေတီ၊ ပုထိုးများနှင့်အတူ ကျောက်စာ၊မင်စာ၊အုတ်ခွက်စာ၊ အုတ်ခဲစာ၊ ခေါင်းလောင်းစာ စသည့် စာပေအထောက်အထားများပါ လေ့လာနိုင်သည်။ ၎င်းစာပေအထောက်အထား များသည် ယင်းတို့နှင့်ခေတ်ပြိုင် လူမှုရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စာပေနှင့်ဓလေ့ထုံးစံများကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊စေတီ၊ပုထိုးများ နှင့်ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင်လေ့လာနိုင်ကြောင်းသိရသည်။

ကျောက်စာများတွင် ဘာသာ၊ သာသနာစည်ပင်ထွန်းကားခဲ့ပုံ၊ လယ်ယာမြေ၊ ဥယျာဉ်၊ ရေတွင်း၊ ရေကန်၊ အရံတံတိုင်းစသော လှူဒါန်းပုံများကို အများအားဖြင့် “အလှူတစ်ဖြာ ကျောက်စာတစ်ချပ်” ဟူသောစကားအရ ဘုရားစေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများတွင် မှတ်တမ်းတင်သည့်အနေဖြင့်ကျောက်ပြားပေါ်တွင် ကမ္ပည်းစာများ ရေးထိုးမှတ်တမ်းတင်ခဲ့ကြကြောင်း လေ့လာတွေ့ရှိနိုင်သည်။

ကျောက်စာများသည် အချိန်ကာလလွန်စွာကြာမြင့်ခဲ့ပြီဖြစ်၍ ကြံ့ခိုင်မှုအားနည်းလာခြင်း၊ ပွန်းတီးပျက်စီးမှုများရှိလာခြင်းတို့ကြောင့် မှတ်တမ်းကျန်ရှိစေရန်နှင့် ထိန်းသိမ်းပြုပြင်မှုအတွက်အထောက်အကူဖြစ်စေရန် ခေတ်မီနည်းစနစ်တစ်ခုဖြစ်သော Reflectance Transformation Imaging (RTI) စနစ်ဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်မှာ ပထမဦးစွာ ကျောက်စာများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ RTI စနစ်ဖြင့် အသေးစိတ်ဓာတ်ပုံမှတ်တမ်းတင်ရိုက်ကူးခြင်း၊ ရိုက်ကူးရရှိလာသော ဓာတ်ပုံများအား RTI builder Software ဖြင့် Processing ပြုလုပ်ခြင်း၊ ဓာတ်ပုံမှတ်တမ်း အထောက်အထားများအား Digitization ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Reflectance Transformation Imaging (RTI) စနစ်ဖြင့် မှတ်တမ်းတင်ခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများသည် ကျောက်စာများအား မင်ကူး ကူးယူမှုကြောင့် ကျောက်စာချပ်များ၊  ကျောက်စာစာလုံးများပေါ်တွင် ဆေးများပေကျံခြင်းမှကာကွယ် ပေးနိုင်ခြင်းနှင့် ရှေးဟောင်းကျောက်စာအား ရေရှည်ထိန်းသိမ်းပေးနိုင်ခြင်း၊ ကျောက်စာများတွင် ရေးသားထားသည့် အကြောင်းအရာများကို ထင်ရှားရှင်းလင်းစွာဖတ်ရှုနိုင်ခြင်း၊ ကျောက်စာများသည် သဘာဝသဲကျောက်သားဖြင့် ပြုလုပ်ထားခြင်းကြောင့်နှစ်ကာလ ကြာမြင့်ခြင်း ၊ ရာသီဥတုဒဏ်ခံရခြင်းများကြောင့် ကျောက်သားမျက်နှာပြင်များ ပျက်စီးခြင်း၊ ရေးထွင်းထားသော ကျောက်စာများ ပြုန်းတီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့်အတွက် ကျောက်စာများအား မှတ်တမ်းတင်ထားခြင်းဖြင့် လေ့လာသုတေသပြုရာတွင် များစွာ အထောက်အပံ့ဖြစ်စေကြောင်းသိရသည်။ ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံတွင် ကျောက်စာ စုစုပေါင်း ၃၅၂ ချပ်ရှိပြီး Reflectance Transformation Imaging (RTI) စနစ်ဖြင့် ကျောက်စာ ၈၃ ချပ်အား မှတ်တမ်းတင်ပြီးဖြစ်သည်။ RTI စနစ်ဖြင့် ဆောင်ရွက်ပြီးသည့် ကျောက်စာများအား သုတေသီများ၊ကျောင်းသား၊ကျောင်းသူများလေ့လာလိုပါက ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနနှင့်ဆက်သွယ်၍ လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က ညွှန်ကြားရေးမှူး ဦးညီမွန်းထံက သိရသည်။


ဒီပါလင်း

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)