ပုဂံဒေသ သဗ္ဗညုဂူဘုရား ပြုပြင်ထိန်းသိမ်းခြင်းနှင့် မြေအောက်သုတေသနပြုခြင်း လုပ်ငန်းများကို တရုတ်နိုင်ငံ Shaanxi Academy of Archaeology မှပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဂံဒေသ သဗ္ဗညုဂူဘုရား ပြုပြင်ထိန်းသိမ်းခြင်းနှင့် မြေအောက်သုတေသနပြုခြင်း လုပ်ငန်းများကို တရုတ်နိုင်ငံ Shaanxi Academy of Archaeology မှပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်



ပုဂံ  ၊ ဖေဖော်ဝါရီ ၁၉

ပုဂံဒေသရှိ သဗ္ဗညုဂူဘုရားကြီး၏သမိုင်းဝင်အမွေအနှစ်များသည် ပုဂံဒေသ၏ ယဉ်ကျေးမှုသမိုင်းကြောင်းနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို ထင်ဟပ်ပြသသည့် အရေးကြီးသက်သေအထောက်အထားများဖြစ်သည်။ ယင်းအမွေအနှစ်များကို စနစ်တကျစူးစမ်းသုတေ သနပြုလုပ်ခြင်းနှင့်ထိန်းသိမ်းကာကွယ်ခြင်းတို့သည် မျိုးဆက်သစ်များအတွက် သမိုင်းမှတ်တမ်းအမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းပေးနိုင်ရန် အလွန်အရေးပါသော ကဏ္ဍများဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ တာဝန်ရှိသူများထံက သိရသည်။

သဗ္ဗညုဂူဘုရား၏ အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအခြေအနေပိုမိုကောင်းမွန်လာစေရန်နှင့် ဂူဘုရားကြီးရေရှည်တည်တံ့စေရန် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ ပြုပြင် ထိန်းသိမ်းခြင်းနှင့်သုတေသနပြုဖော်ထုတ်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ သဗ္ဗညုဂူဘုရားသည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ အမွေအနှစ်လက္ခဏာရပ်တစ်ခု ဖြစ်သကဲ့သို့ ထူးခြားလက်ရာကျန်ရှိမှုအဆင့်-၁ရှိသော ဂူဘုရားတစ်ဆူလည်းဖြစ်သည်။ နောက်ခံ သမိုင်းရာဇဝင်နှင့် တည်ဆောက်ပုံဗိသုကာလက်ရာအရ အေဒီ(၁၂) ရာစုဂူဘုရားတစ်ဆူဖြစ်ပြီး ရှားပါးလေးထပ်ဂူဘုရားတစ်ဆူဖြစ်ကြောင်းသိရပြီး စနစ်တကျအသေးစိတ်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို နည်းပညာအကူအညီများ ပေါင်းစပ်  ထိန်းသိမ်းပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သုတေသနလုပ်ငန်းများတွင် မြေပြင်စစ်တမ်းများကောက်ယူခြင်း  Grid Layout စနစ်ဖြင့် တူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ နေရာသတ်မှတ်ခြင်း (GPS Location)နှင့် အချက်အလက်မှတ်တမ်းတင်ခြင်းများကို စနစ်တကျမှတ်တမ်းတင်ခြင်းများဆောင်ရွက် လျက်ရှိကာ တူးဖော်မှုများအတွင်းတွေ့ရှိရသည့် အမွေအနှစ်ပစ္စည်းများကို သက်ဆိုင်ရာစံနှုန်းများနှင့်ကိုက်ညီစွာ မှတ်တမ်းတင်ထိန်းသိမ်းကာကွယ်ထားလျက်ရှိကြောင်းသိရသည်။

ယခုကဲ့သို့ သုတေသနလုပ်ငန်းများကို နိုင်ငံတကာပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံရှိ Shaanxi Academy of Archaeologyမှ ပညာရှင် (၇) ဦးနှင့်ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများပူးပေါင်း၍ နည်းပညာ အကူအညီများ၊ သုတေသနနည်းလမ်းများနှင့်အတွေ့အကြုံများကို နှီးနှောဖလှယ် ဆောင်ရွက်ခွင့်ရရှိခဲ့ကြသည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုများသည် သုတေသနအရည်အသွေးမြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့်မီ သုတေသနစံနှုန်းများကို လိုက်နာနိုင်ရန် အထောက်အကူပြုပေးနေခြင်း ဖြစ်ကြောင်း ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီမွန်းက ရှင်းပြသည်။

သုတေသနလုပ်ငန်းများကို ထိရောက် စွာဆောင်ရွက်နိုင်ရန်နှင့် အမွေအနှစ်ပစ္စည်းများ မပျက်စီးစေရန် ရည်ရွယ်ထားခြင်းဖြစ် ကြောင်း ပုဂံဒေသရှိ သမိုင်းဝင်အမွေအနှစ်များအပေါ် ဆောင်ရွက်နေသည့် သုတေသနနှင့်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများသည် ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးကို မြှင့်တင်ပေးပြီး အနာဂတ်မျိုးဆက်များအတွက် တန်ဖိုးရှိသော သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းပေးနိုင်ရန် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

ဒီပါလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)