(၈၁)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၈၁)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့





နေပြည်တော်၊ မတ်  ၂၆

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် (၈၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး ၁၈ ဦးနှင့် ဇနီး ၉ ဦး၊ စုစုပေါင်း ၂၇ ဦးတို့ ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ က တက်ရောက် ဂါရဝပြုကန်တော့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ဂါရဝပြုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုကဲ့သို့ (၈၁)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ရန် ရောက်ရှိနေကြသည့် တပ်မတော်၏ အမိအဖ၊ ဆရာသမားများ အားလုံးကို နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ရိုသေစွာနှုတ်ခွန်းဆက်သ ဂါဝရပြုပါကြောင်း၊ (၈၁)နှစ်မြောက် တပ်မတော် နေ့အခမ်းအနားကို ဂုဏ်ယူစွာတက်ရောက်လာကြသည့် တပ်မတော်၏ အမိအဖ၊ ဆရာသမားများအားလုံးကို စုံစုံညီညီတွေ့ဆုံရသည့်အတွက် တပ်မတော် တစ်ရပ်လုံး ကိုယ်စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ ယခုနှစ် (၈၁)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသည် ထူးခြားသည့် အခမ်းအနားဖြစ်သည်ဟု ဆိုရမည် ဖြစ်ကြောင်း၊ တပ်မတော်နေ့အခမ်းအနားမတိုင်မီကာလတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်က ဦးဆောင်ကျင်းပသည့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း (၃)ပိုင်းဖြင့် ၂၆၃ မြို့နယ်တွင် ကျင်းပခဲ့ရာ မဲပေးခွင့်ရှိသည့် လူဦးရေ၏ ၅၄ ဒသမ ၂၈ ရာခိုင်နှုန်း မိမိဆန္ဒအလျှောက် စည်းကမ်းစနစ်တကျဖြင့် လာရောက်ဆန္ဒမဲပေးခဲ့ကြသည်အထိများက အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူများကလည်း မိမိတို့၏ ရပ်ရွာ၊ မြို့နယ်၊ တိုင်းပြည်အကျိုးကို အောင်မြင်စွာဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်သည့် ပါတီနှင့် လူပုဂ္ဂိုလ်တို့ကို ယုံကြည်ချက်ဖြင့် ရွေးချယ်မဲပေးခဲ့ကြကြောင်း၊ ယခုအခါ ပြည်သူ ရွေးချယ်ပေးခဲ့ကြသည့် ပြည်သူ့ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ အသီးသီး၌လုပ်ငန်းများ စတင်ဆောင်ရွက်နေကြပြီဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း သမ္မတနှင့် ဒုတိယသမ္မတ များ ရွေးချယ်တင်မြှောက်ကာ ဒီမိုကရေစီအစိုးရသစ်တစ်ရပ်ပေါ်ထွန်းလာတော့မည် မည် ဖြစ်ကြောင်း၊ အဆိုပါ ပေါ်ထွန်းလာမည့် ဒီမိုကရေစီအစိုးရအသစ်အား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း။ 

(၈၁)နှစ်မြောက်တပ်မတော်နေ့ အလားတူ တပ်မတော်အပိုင်းတွင်လည်း အခမ်းအနားပြီးဆုံးသည့် နောက်ပိုင်းတွင်ခေါင်းဆောင်ပိုင်းအပြောင်းအလဲများ ဖြစ်ပေါ် လာမည်ဖြစ်ကြောင်း၊ မည်သူဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တပ်မတော် ၏ခေါင်းဆောင်အစဉ်အဆက်၊ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာများ၏ လမ်းညွှန်းချက် များအတိုင်း၊ စစ်ပညာရပ်များအတိုင်း၊ ချမှတ်ထားသည့် မူဝါဒလမ်းစဉ်များအတိုင်း ဆက်လက်လျှောက်လှမ်းကြမည်ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဆက်လက်၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီလည်း လက်တွဲညီညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်အထိနိုင်ငံတော်ကို ဦးဆောင် နိုင်ခြင်းသည်၊ တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင် ခြင်းသည် ခေတ်အဆက်ဆက် လွတ်လပ်ရေးမတိုင်မီ၊ လွတ်လပ်ရေးရပြီးနှင့် လက်ရှိကာလအထိ အဆင့်ဆင့်သော တပ်မတော်ခေါင်းဆောင်ကြီးများ၊ အမိအဖ၊ ဆရာသမား များ၏ သွန်သင်ဆုံးမမှုများ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၏ အဆင့်ဆင့် လက်ဆင့်ကမ်းသွန်သင်ဆုံးမှုများကြောင်း ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက် ၍လည်း မိမိတို့၏တပ်မတော်ကို တပ်မတော်၏ အမိအဖများအားလုံးနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးတို့က ကောင်းမွန်သော လမ်းညွှန်ဆုံးမမှုများ ပြုပေးနိုင်ပါရန် တပ်မတော်သားများနှင့် မိသားစုဝင်များကိုယ်စား ပန်ကြားလိုပါ ကြောင်း၊ မည်သူ ဦးဆောင်သည်ဖြစ်စေ တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဖြစ်ပြီး အဆင့်ဆင့်သော ခေါင်းဆောင်မှုများနှင့် ချမှတ်ထားသော လမ်းညွှန်ချက်များကို တသွေမတိမ်း လိုက်နာပါက အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန် များကို ထမ်းဆောင်ပြီး ဒို့တာဝန် အရေးသုံးပါးကို ဆက်လက်စောင့်ထိန်း၍ နိုင်ငံတော် အစိုးရ၏ ချမှတ်ထားသည့် မူဝါဒဘောင်အတွင်းမှ တိုင်းပြည်၏တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီး များအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီရိုသေစွာ ဂါရဝပြုကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန်(အငြိမ်းစား)က တပ်မတော်နေ့ရောက်တိုင်း တပ်မတော်တွင် တာဝန် အသီးသီး ထမ်းဆောင်ခဲ့သူများအား ဖိတ်ကြားကန်တော့ခြင်းသည် ကောင်းမွန်သည့် အစဉ်အလာ တစ်ရပ်ဖြစ်ကြောင်း၊ တပ်မတော်ကြီးသည် ထာဝစဉ်နုပျိုနေရန်လိုအပ်ပြီး အရည်အချင်းပြည့်ဝသည့် တပ်မတော်၊ အင်အားပြည့်ဝသည့် တပ်မတော်၊ စွမ်းအင် ထက်မြက်သည့် တပ်မတော် ဖြစ်နေရန် လိုအပ်ကြောင်း၊ မကြာမီရက်ပိုင်း အတွင်း ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွက်လာမည်ဖြစ်ပြီး အဆိုပါအစိုးရသည် တိုင်းပြည် ကောင်းမွန်စေရန်၊ တရားဥပဒေစိုးမိုးရန်၊ ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေ ရန်နှင့် နိုင်ငံလူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် တိုင်းပြည်တည်ငြိမ်အေးချမ်းရန် လိုအပ်သည့်အတွက် တပ်မတော်၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ ထို့ကြောင့် တပ်မတော်၏ အဓိက တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန် စွာထမ်းဆောင်နိုင်ရန် စွမ်းရည်ပြည့်စုံသည့်တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုအပ် ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက အငြိမ်းစားတပ်မတော် အရာရှိကြီး များနှင့် ဇနီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရိုသေစွာ ဂါရဝပြု ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ စိုးဝင်းနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး တပ်မတော်အရာရှိကြီးများသည် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများနှင့်ဇနီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)