ပြည်ဖျက်မီဒီယာတွေရဲ့ လူမှုကွန်ရက်စာမျက်နှာများမှာ ညစဉ်ညတိုင်း PDF အဖွဲ့ဝင် ညီငယ်၊ ညီမငယ်များက အလှူခံတဲ့ Live တွေ လွှင့်တင်ပေးတာကို သတိပြုမိပါတယ်။ သူတို့ကတော့ အလှူခံတယ်လို့ ပြောပါတယ်။ သူတို့ကို ကူညီပံ့ပိုးဖို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ဘာအတွက် အလှူခံတာလဲ၊ ဘာကြောင့် သူတို့ကို ကူညီပံ့ပိုးရမှာလဲ ဆိုရင် အကြမ်းဖက်လှုပ်ရှားမှုအတွက် အလှူခံနေကြခြင်း ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်းမှာ PDF အဖွဲ့ဝင် ညီငယ်၊ ညီမငယ်တွေ ခွက်ခေါက်နေတဲ့ ခေါင်းစဉ်က “ က ကာ ကား “ ကမ်ပိန်း လို့ ဆိုပါတယ်။ ကားဝယ်ဖို့အတွက် အလှူခံနေကြခြင်း တစ်နည်းအားဖြင့် ခွက်ခေါက်နေကြခြင်း ဖြစ်ပါတယ်။
သူတို့တွေရဲ့ အပြောအရ နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော်တပ်ရင်း-၈၀၈၊ “ က ကာ ကား “ ကမ်ပိန်း ကျပ်သိန်း ၁၀၀၀ အတွက် နိုင်ငံတကာ Fundraiser များမှတစ်ဆင့် ထောက်ပို့ပါဝင်နိုင်သည် Page Link များနဲ့ Currency အလိုက်ခွဲပေးထားပါသည်။ နိုင်ငံတကာရောက် ရွှေမြန်မာများအနေဖြင့် မိမိတို့ရောက်ရှိရာ နိုင်ငံတွေမှ ဘဏ်အကောင့်များဖြင့် ပါဝင်ကူညီအားဖြည့်ပေးနိုင်ပါသည်။
ကမ်ပိန်းအမည် - “ က ကာ ကား” ကမ်ပိန်း
ကမ်ပိန်းကာလ - ဇန်နဝါရီလ ၂၅ ရက် မှ မတ်လ ၆ ရက်နေ့ထိ
ကမ်ပိန်းတားဂတ် - ကျပ်သိန်း ၁၀၀၀
ကမ်ပိန်းရည်ရွယ်ချက် - ၁) ရဲဘောာ်များ ရှေ့တန်းသွားတဲ့အခါ အထောက်ကူပြုရန်၊ ၂) တိုက်ပွဲအတွင် အချိန်မှီ စစ်ကူအင်အားပေးပို့ရန်၊ ၃) ရဲဘော်များ တိုက်ပွဲအတွင် ထိခိုက်ဒဏ်ရာရတဲ့ အချိန် ဆေးရုံ ဆေးခန်းအား အချိန်မှီပို့ဆောင်ရန်၊ ၄) တိုက်ပွဲအတွင် လက်နက်ခဲယမ်းအချိန်မှီပို့ဆောင်ရန်၊ ၅) တပ်တည်တပ်လှုပ် တပ်ရွေ့တဲ့အခါမှာအဆင်ပြေချောမွေ့ရန်အတွက် ဆိုတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကိုလည်း ပြောထားပါတယ်။
လူငယ်လူရွယ်တွေက အကြမ်းဖက်သမားများအဖြစ်နဲ့ အကြမ်းဖက်လှုပ်ရှားမှုများအတွက် ခွက်ခေါက်နေတာကို အစောပိုင်းကာလမှာတော့ ပြည်တွင်းပြည်ပ က ထောက်ပံ့ကူညီမှုတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဒီလူငယ်တွေဟာ အကြမ်းဖက်လှုပ်ရှားမှုအတွက် ခွက်ခေါက်တဲ့ အလုပ်ကို မျက်နှာပြောင်တိုက်ပြီး လုပ်ဝံ့ကြတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ခွက်ခေါက်တိုင်း မရတော့တဲ့ အခြေအနေမျိုး၊ ကူညီထောက်ပံ့သူတွေကလည်း အများပြည်သူ အတိဒုက္ခရောက်အောင် လုပ်တဲ့ အလုပ်တွေကို မထောက်ပံ့ချင်ကြတော့ပါဘူး။
သူတို့တွေရဲ့ အပြောအရ နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော်တပ်ရင်း-၈၀၈ လို့ ဆိုပေမယ့် နေပြည်တော်လို နေရာမျိုးမှာနေပြီး ဒီလို ခွက်ခေါက်တဲ့ အလုပ် လုပ်ဖို့ရာ မလွယ်ကူပါဘူး။ နယ်စပ်ဒေသမှာ နေထိုင်ပြီး မဟုတ်မမှန် လီဆည်ဖန်တီးပြောဆိုကာ ပြည်ပြေး ဝရမ်းပြေးများရဲ့ ခိုင်းစေချက်ကို လုပ်ဆောင်ပေးနေရတဲ့ သဘောလို့ ယူဆရပါတယ်။ Facebook Live လွှင့်တယ်ဆိုတာ သာမန်အခြေအနေမျိုးနဲ့ လုပ်လို့မရပါဘူး။ Star Link အသုံးပြုပြီး နယ်စပ်ဒေသကနေ ပြည်တွင်း၊ ပြည်ပ က ရနိုင်သမျှ ခေါင်းစဉ်အမျိုးမျိုးတက်ပြီး ခွက်ခေါက်နေကြတာ ဖြစ်ပါတယ်။
ညီငယ်၊ ညီမငယ်တို့အနေနဲ့ တိုင်းဖျက် ပြည်ဖျက်လုပ်ဖို့ မျက်နှာပြောင်တိုက် ခွက်ခေါက်နေကြမယ့်အစား မိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့ အများပြည်သူ ကောင်းကျိုးဖြစ်စေမယ့် အလုပ်တွေကိုသာ စိတ်ရောကိုယ်ပါ အားထည့်ပြီး လုပ်နေရင် အထွေအထူး ခွက်ခေါက်နေဖို့တောင် မလိုပါဘူး။ အခုတော့ ညီငယ်၊ ညီမငယ်တို့ရယ် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့အတွက်နဲ့ မျက်နှာပြောင်တိုက်ပြီး ခွက်ခေါက်နေကြတာ ရှက်စရာ မကောင်းလွန်းဘူးလား။
ပြည်ပြေး ဝရမ်းပြေးတွေဆိုသည်မှာ ကျည်လွတ်မြေမှာ နေထိုင်ပြီး ညီငယ်၊ ညီမငယ်တို့ကို အကြမ်းဖက်သမားများ အဖြစ် အသုံးချကာ ဂုဏ်ဆာနေကြသူများ ဖြစ်ပါတယ်။ ညီငယ်၊ ညီမငယ်တို့မှာ အသက်ခန္ဓာကို အရင်းတည်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေကြတယ်။ ညီငယ်၊ ညီမငယ်တို့ ဘေးအန္တရာယ် ကျရောက်လာတဲ့အခါ ဘယ်ပြည်ပြေး ဝရမ်းပြေးတွေကမှ တာဝန်မယူပါဘူး။ တာဝန်ခံမယ့်သူ မရှိပါဘူး။ ကိုယ်ဖြစ် ကိုယ်ခံ ပါပဲ။
မလုပ်သင့်တော့ပါဘူး ညီငယ်၊ ညီမငယ်တို့ရယ်။ ဒီအချိန် ဒီကာလဟာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုပ်တွေမှာ ပျော်မွေ့နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ PDF ခေါင်းဆောင်ဆိုသူတွေရဲ့ ရက်စက်ယုတ်မာ ကောက်ကျစ်မှုတွေကိုလည်း ညီငယ်၊ ညီမငယ်တို့ ကိုယ်တိုင် ကြုံတွေ့ခံစားနေကြရပြီ မဟုတ်ပါလား။
တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ ခွက်ခေါက်နေမယ့်အစား ညီငယ်၊ ညီမငယ်တို့ကို ဘေးဒုက္ခ မရောက်စေဖို့ နိုင်ငံတော်အစိုးရက ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ရန် လမ်းဖွင့်ပေးထားပြီပဲ။ ဆင်ကန်းတောတိုး မိုက်မဲနေမယ့်အစား ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး မိသားစုနဲ့အတူ အေးချမ်းစွာ နေထိုင်ကြမယ်။ အများပြည်သူ ကောင်းကျိုးဖြစ်စေမယ့် အလုပ်တွေကို တတ်စွမ်းသမျှ၊ တတ်အားသ၍ ဆောင်ရွက်ကြမယ်ဆိုရင် တိုင်းပြု ပြည်ပြု လူငယ်တွေအဖြစ် အသိအမှတ်ပြုခံရမှာ ဖြစ်ပါတယ်။
ပြည်ပြေး ဝရမ်းပြေးတွေကိုလည်း အနူးအညွတ် မေတ္တာရပ်ခံပါတယ်။ မင်းတို့တွေရဲ့ လိုလားချက်တွေအတွက် လူငယ်တွေကို နိုင်ငံရေးမှိုင်းတိုက်ပြီး အကြမ်းဖက်သမားများအဖြစ် အသုံးချခဲ့တဲ့အတွက် လူငယ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးပြီ။ ဆက်ပြီးတော့ လူငယ်တွေကို သေတွင်းထဲ တွန်းပို့တဲ့ လုပ်ရပ်တွေ မလုပ်သင့်တော့ပါဘူး။ သားသမီးချင်း ကိုယ်ချင်းစာတရားထားပြီး လူငယ်တွေ အကြမ်းဖက်သမားများအဖြစ်နဲ့ ဆက်လက်လုပ်ဆောင်ခြင်း မပြုကြတော့ဖို့ ပြည်ပြေး ဝရမ်းပြေးတွေက တာဝန်သိစိတ်နဲ့ လမ်းမှန်ပေါ် ပြန်လည်ပို့ဆောင်ပေးသင့်ပါပြီ။ အကြမ်းဖက်လမ်းစဉ်ပေါ်ကို မင်းတို့တွေပဲ တွန်းတင်ခဲ့တာ ဖြစ်တဲ့အတွက် အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ဖို့အတွက် လူငယ်တွေကို ခွက်ခေါက်ခိုင်းတာမျိုး၊ မဟုတ်မမှန် လုပ်ကြံဖန်တီး ပြောဆိုမှုတွေနဲ့ အဖျက်အမှောင့် အလုပ်တွေ ဆက်မလုပ်ကြတော့ဖို့ကိုလည်း ပြည်ပြေး ဝရမ်းပြေးတွေက တားဆီးရမယ့်အချိန် ရောက်ပါပြီ။
ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ယုတ္တိမရှိတဲ့ စကားတွေကို နားယောင်ပြီး ပြည်တွင်း ပြည်ပက ရသမျှ ခွက်ခေါက်၊ အဖျက်အမှောင့် လုပ်ရပ်တွေ လုပ်ပြီး ပျော်မွေ့နေသမျှ ကာလပတ်လုံးဟာ တိုင်းပြုပြည်ပြု လူငယ်များလို့ မဆိုနိုင်ပါဘူး။ ဒီမြေမှာနေ ဒီရေကိုသောက်ပြီး ဒီတိုင်းပြည်ကို ဖျက်ဆီးသူ၊ အဖျက်သမားများအဖြစ်နဲ့သာ ဘဝနိဂုံး အဆုံးမလှ ဖြစ်ကြရပါလိမ့်မယ်။ ခွက်ခေါက်ပြီး ပြည်ဖျက်မယ့်အစား ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး အေးချမ်းစွာ နေထိုင်ကာ တိုင်းပြုပြည်ပြု လုပ်ငန်းများမှာ တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။
ဒေါင်းနင်း
#News

No comments:
Post a Comment