တောင်ကြီး ၊ မတ် ၄
ရှမ်းပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်နိုင်သည့်ကောလဟာလများကြောင့် တောင်ကြီး၊ ရွှေညောင်၊ ကလော၊ အောင်ပန်းစသည့် မြို့များ၌ ရှိသည့် စက်သုံးဆီများအား အလုအယက်ဝယ်ယူခဲ့ကြသည့်ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ရှမ်းပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းမင်းထံမှ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး စနစ်တကျ စီစဉ် ဆောင်ရွက်ထားလျက်ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးမင်းမင်းက စက်သုံးဆီအရောင်းဆိုင်များအတွက် အပတ်စဉ် PO တွေ ပုံမှန်ရရှိနေပြီး ၊ မတ်လ(၃)ရက်နေ့တွင် ဆီသယ်ဘောက်ဆာယာဉ် ၁၄ စီးအထိ ရောက်ရှိပြီး ကလော၊ အောင်ပန်း၊ တောင်ကြီးမြို့များတွင် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော အရှေ့အလယ်ပိုင်းဒေသက ဖြစ်စဉ်များကြောင့်လည်းကောင်း၊ မီဒီယာအချို့ရဲ့ ကောလဟာလ သတင်း ဖော်ပြမှုတွေအရ လည်းကောင်း စက်သုံးဆီ ပြတ်လပ်မှာကို စိတ်ပူပြီး၊ ဝယ်ယူသိုလှောင်ကြသည့်အတွက် အချို့ဆိုင်များတွင် စက်သုံးဆီပြတ်မသွားရအောင် ထိန်း၍ ရောင်းပေးနေခဲ့ရပါကြောင်း၊ ပုံမှန်ရောင်းနေကျထက် ရောင်းအား နှစ်ဆကျော် သုံးဆလောက် တိုးရောင်းရသည့် အတွက် စက်သုံးဆီဆိုင်အချို့ ဆီပြတ်မလိုဖြစ်၍ မတ်လ (၃) ရက်နေ့ ညနေပိုင်းတွင် သီလဝါမှ ဆီကားများ ရောက်ရှိလာသည့်အတွက် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ရွှေညောင်၊ ပင်းတယမြို့များ၌ ဆီပြတ်တောက် မသွားနိုင်ပါကြောင်း၊ လိုအပ်ပါက ပုံမှန် Normal Po အပြင်၊ Urgent Po တွေပါပေးပြီး ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများ စိုးရိမ်ရန်မလိုအပ်ကြောင်း၊ နွေရာသီအချိန်ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် စိုးရိမ်ရသည့်အတွက် စက်သုံးဆီများကို မလိုလားအပ်ဘဲ အိမ်များတွင် မသိုလှောင်ထားကြရန် လိုအပ်ကြောင်း သိရှိရသည်။
ထက်ဝေ
https://t.me/MyanmarNationalPost
No comments:
Post a Comment