နေပြည်တော်၊ မတ် ၈
တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ဧရာခင်းမင်္ဂလာ ဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ အခမ်းအနားနှင့် စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနား များအားယနေ့နံနက်ပိုင်း တွင် သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘော ကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားများသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ် ကြီး ထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ် မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနား
ဦးစွာ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းသို့ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် တပ်မတော်(ရေ)မှအရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြ သည်။ ထို့နောက် တာဝန်ရှိသူများမှ ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံ လွန်းကျင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေး ကြသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့် သည်တော်ကြီးများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ ၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေလုံလွန်းကျင်းအုပ်ချုပ်မှုအဆောက်အဦ ကမ္ပည်းမော် ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို တည်ဆောက်ရေးအလုပ်ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော်(ရေ)အတွက်သာမက မြန်မာနိုင်ငံတွင်ပါ စွမ်းဆောင်ရည်အရလည်းကောင်း၊ အရွယ်အစားအရလည်းကောင်းအကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ တန် ၄၀,၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀,၀၀၀ ရေလုံလွန်းကျင်း တွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ် များ၏ ဧရာခင်းမင်္ဂလာအခမ်းအနား အပါအဝင် တပ်မတော်(ရေ)တွင် တည် ဆောက်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ်များကိုလည်း တပ်တော်ဝင်နိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်နှင့်တပ်မတော် အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်အတွင်း သာမကဘဲ သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာ တည်ရှိနေသကဲ့သို့ မြန်မာ့ပင်လယ်ပြင်သည်လည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်း ရေယာဉ် ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိကရေလမ်းကြောင်းများအနက် တစ်ခုအပါအဝင် ဖြစ်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေယာဉ်ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကောင်း များနှင့် ရေနက်ဆိပ်ကမ်းများရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ ရေကြောင်းအကျိုး စီးပွားအတွက် အလွန်အရေးပါလျက်ရှိသည်ကို မြင်တွေ့ရမည် ဖြစ်ကြောင်း။
ထို့ကြောင့် ရေကြောင်းအကျိုးစီးပွားများဖြစ်သည့် ပင်လယ်ပြင်မှ စွမ်းအင် အကျိုးစီးပွားများ၊ ငါးသယံဇာတများ၊ ပင်လယ်ပြင်ဆက်သွယ် ရေးလမ်းကြောင်း ကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့် ရေနက်ဆိပ်ကမ်းကြီးများအား အမျိုးသားအကျိုးစီးပွား အတွက် ထိရောက်စွာအသုံးချနိုင်စေရန် စွမ်းရည်ထက်မြက်၍ အင်အားတောင့်တင်းသော ရေတပ် ထူထောင်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း။
ထို့ကြောင့် အနာဂတ်တပ်မတော်(ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်/ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အရပ်ဘက် ကုန်တင်ရေယာဉ်ကြီးများ တည်ဆောက်/ပြုပြင်နိုင်သည်အထိရည်သန်၍ ရေလုံလွန်းကျင်းကြီး တည်ဆောက် နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို ကြည့်မည် ဆိုပါက အရွယ်အစားကြီးမားသည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက် စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာ ကောင်းမွန်စေခဲ့ကြေ ခဲ့ကြောင်း။
ယနေ့ ဧရာခင်းမင်္ဂလာအခမ်းအနားပြုလုပ်မည့် စစ်ရေယာဉ်များသည် ယခုတန် ၄၀,၀၀၀ ရေလုံလွန်းကျင်းတွင် စတင်တည်ဆောက်မည့် စစ်ရေယာဉ်များဖြစ်ပြီး အဆိုပါရေယာဉ်များ တည်ဆောက်နိုင်ခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်အတွင်း ကာကွယ် ရေးစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေမည် ဖြစ်ကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်က စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက်ရေးအတွေ့ အကြုံကောင်းများရှိပြီးဖြစ်သော်လည်း ယနေ့ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် နည်းစနစ်များ ကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး အသုံးချနိုင်ရေး တစိုက်မတ်မတ် ကြိုးစားအားထုတ် သွားရမည်ဖြစ်ကြောင်း။
ရေလုံလွန်းကျင်းကြီးသည်နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်သည့်အတွက် ရေလုံလွန်းကျင်းနှင့် ရေလုံလွန်းကျင်းတွင်ပါသည့် စက်ပစ္စည်းကိရိယာများကို သက်တမ်း ပြည့် စွမ်းအားပြည့် စနစ်တကျအသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေပြန်လည်ရရှိနိုင်ရေးအတွက် ပြည်တွင်းပြည်ပကုန်သွယ်ရေကြောင်း ရေယာဉ်ကြီး များ တည်ဆောက်ပြုပြင်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ရေယာဉ် ဗိသုကာနှင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမည့် တပ်မတော်(ရေ) မျိုးဆက်သစ်အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်၊ မြန်မာ့ ပင်လယ် ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်သည့်တာဝန် များကို ကျေပွန်အောင်ထမ်းဆောင်ရင်း တပ်မတော်၏ ကောင်းမြတ်သည့်အစဉ်အလာ များကို အသက်နှင့်ထပ်တူထိန်းသိမ်း စောင့်ရှောက်သွားကြရန် တိုက်တွန်းပြောကြားလို ကြောင်း ဖြင့်ပြောကြားသည်။
၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရေလုံလွန်းကျင်း တည်ဆောက်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။
ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေလုံလွန်းကျင်း တည်ဆောက်ရေး တာဝန်ယူဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌက ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ် မှူးထံ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ကာကွယ် ရေးဦးစီးချုပ်(ရေ)က ရေလုံလွန်းကျင်းဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြု ပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုသစ်သီးခြင်းအား ပေးအပ်ရာ ရေလုံလွန်းကျင်း တည်ဆောက်ရေးတာဝန်ယူဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌက လက်ခံ ရယူသည်။
ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနား
၎င်းနောက် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးရေယာဉ်များ၏ဧရာခင်းမင်္ဂလာ အခမ်း အနားကျင်းပပြုလုပ်ရာ စစ်ရေယာဉ်များတည်ဆောက်ခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဌ တိုက်ဖျက်ရေးရေယာဉ်များ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရေငုပ်သင်္ဘော ဧရာနှင့် Frame တို့အား စက်ခလုတ်နှိပ်ဂဟေတွဲဆက်၍ ရေယာဉ်တည်ဆောက်မှု လုပ်ငန်းအား စတင်ပေးခဲ့ပြီး ဧရာခင်းမင်္ဂလာကြေးပြားများနှင့် ကိုယ်ထည်အစိတ်အပိုင်း များအား မင်္ဂလာအမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။
ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေယာဉ်တည်ဆောက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ တည်ဆောက်ခဲ့မှုဓာတ်ပုံပြခန်းနှင့် ရေလုံလွန်းကျင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ လမ်းညွှန်မှာကြားသည်။
ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သင်္ဘောကျင်းစီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် စတင်တည်ဆောက်ခဲ့ပြီး ပထမအဆင့်စီမံကိန်းအား ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိလည်းကောင်း၊ ဒုတိယအဆင့်စီမံကိန်းအား ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ လည်း ကောင်းအောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး စစ်ရေယာဉ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂလိကရေယာဉ်များအား တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။ တတိယအဆင့်စီမံကိန်းအား ၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တတိယအဆင့်စီမံကိန်းတည်ဆောက်မှုအား အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေလုံလွန်းကျင်းတွင် အရွယ် အစားကြီးမားသော စစ်ရေယာဉ်ကြီးများ၊ ကုန်သွယ်ရေယာဉ်များတည်ဆောက်ခြင်း(သို့မဟုတ်) လွန်းတင် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံ့ရေကြောင်းအကျိုးစီးပွားနှင့် နိုင်ငံ့ရေကြောင်းစွမ်းအားတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြု ဆောင်ရွက်လာနိုင်မည် ဖြစ် ကြောင်း သိရှိရသည်။
စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနား
ဆက်လက်၍ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနား ကို ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့်ဇနီးများ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းက စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေတပ် သင်္ဘောကျင်း ဌာနချုပ်၊ ဌာနချုပ်မှူးက ရေယာဉ်စုမှူးထံသို့ တပ်တော်ဝင်စစ်ရေယာဉ်များ နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များအား ဂါရဝပြုပေးအပ်သည်။ ဆက်လက်ပြီး စစ်ရေယာဉ်များတပ်တော်ဝင်ဆောင်ရွက်နိုင်ရန်အတွက် တပ်တော်ဝင်တံခွန် အလံများ အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ကာကွယ်ရေးဦးစီးချုပ်(ရေ)ထံလွှဲပြောင်းပေးအပ်ရာ ကာကွယ်ရေးဦးစီး ချုပ်(ရေ)က လက်ခံရယူပြီး သက်ဆိုင်ရာစစ်ရေယာဉ်မှူးများထံ ဆက်လက်လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး က တပ်တော်ဝင် စစ်ရေယာဉ်များအဖြစ်ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း ချက်တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များအား အစီအစဉ်အတိုင်း ဆောင်ရွက် ကြသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်တော်ဝင်စစ်ရေယာဉ်များ ဖြစ်သော ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)အား လှည့်လည်ကြည့်ရှု ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့်ဧည့်သည်တော်ကြီးများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ရောက်ရှိပြီး ဧည့်သည် တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေး နှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုစစ် ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူနေစဉ် စစ်ရေယာဉ်(ရန်တိုင်းအောင်) နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်)တို့မှ အမြောက် ၂၁ ချက်ပစ်ဖောက်ပြီး နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြု အလေးပြု ပစ်ခတ်ထားသည့် ပထမဆုံးအမြောက်ကျည်ဆံခွံအား အထိမ်းအမှတ် လက်ဆောင်အဖြစ် ဂါရဝပြု ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တော်ဝင်စစ်ရေယာဉ်များ တည်ဆောက်ခဲ့ချိန် တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ်ရာ တာဝန် ရှိသူအသီးသီးက လက်ခံရယူခဲ့ကြသည်။
ယနေ့ တပ်မတော်(ရေ)စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ် တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)သည် တပ်မ တော်(ရေ) ရေယာဉ်တည်ဆောက်မှုသမိုင်း၌ အရွယ်အစားအားဖြင့်အကြီးမားဆုံး ကိုယ် တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့သည့် စစ်ရေယာဉ်ဖြစ်ကြောင်း၊ အချိန်ကာလ တစ်လကျော်၊ စုစုပေါင်းခုတ်မောင်းချိန် ၂၇၀ နာရီကျော်၊ ခရီးအကွာအဝေးရေမိုင် ၃၅၀၀ ခန့် ခရီးရှည်စမ်းသပ်မောင်းနှင်ခဲ့ပြီး စမ်းသပ်မောင်းနှင်သည့်ခရီးစဉ်အတွင်း စံချိန်စံညွှန်း ပြည့် မီမှုဆိုင်ရာ စမ်းသပ်မောင်းနှင်ခြင်းများ၊ ရေယာဉ်၌ တပ်ဆင်ထားသည့် ကိရိယာများ အလိုက် သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အသုံးပြုနိုင်မှုအား စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် တပ်တော်ဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်ရေယာဉ်များအား ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်နိုင်မှုကို အထောက်အကူ များစွာဖြစ်စေနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
#News #MNP













No comments:
Post a Comment