
မြစ်ကြီးနား ၊မတ် ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများအတွက် စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မကြာမီကာလအတွင်း မိုးစပါးစိုက်ပျိုးရမည့်အချိန်ကို ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ထယ်ရေးဝင် ထွန်ယက်ချိန်တွင် တောင်သူများ စက်သုံးဆီသုံးစွဲနိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့အ ပြင် ဒေသတွင်း စက်သုံးဆီခြိုးခြံချွေတာရေးအတွက် စီမံဆောင်ရွက်ရာတွင် လမ်းညွှန်ကြေညာချက် များနှင့်အညီ စက်သုံးဆီသုံးစွဲသူ ပြည်သူများ အလေးထားလိုက်နာနိုင်ရေးကိုလည်း စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် စက်သုံးဆီဈေးနှုန်း တည်ငြိမ်စေရေး စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များအား ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြုးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြည်နယ်အတွင်း စက်သုံးဆီ သိုလှောင်ဖြန့်ဖြုးရောင်းချနိုင်ရေး စက်သုံးဆီတင်သွင်းခွင့်ရရှိမှု အခြေအနေများ၊ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ထုတ်ပြန်ထားရှိမှုများအပေါ် ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးစိုင်းကြည်ရွှင်က စက်သုံးဆီသယ်ယူ ပို့ဆောင်မှုအပေါ် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ပြည်နယ်အတွင်း ရောက်ရှိလာသည့် စက်သုံးဆီ ကားများအား စစ်ဆေးဆောင်ရွက်နေသည့် အခြေအနေများ၊ စက်သုံးဆီခွဲတမ်းများအပေါ် စိစစ်တင်ပြသွားမည့်အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးက ဌာနဆိုင်ရာများ လျှပ်စစ်မီးရရှိမှုအခြေအနေကြောင့် စက်သုံးဆီသုံးစွဲ ဆောင်ရွက်လျက်ရှိသည့်အပေါ် စက်သုံးဆီ ခြိုးခြံချွေတာနိုင်ရေး မလိဓာတ်အားလိုင်း ရရှိရေးဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စက်သုံးဆီခြိုးခြံချွေတာရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ စုံရက်၊ မရက် ခွဲခြားဆောင်ရွက်သွားမည့် အစီအမံများနှင့် စိုက်ပျိုးချိန်အမီ ထယ်ရေးဝင်ရောက်ချိန် တောင်သူတစ်ဦးချင်းအလိုက် တစ်ဧကလျှင် သုံးစွဲသွားမည့် စက်သုံးဆီအပေါ် အခြေခံ၍ တွက်ချက်ထားရှိမှုအပေါ် သုံးသပ်တင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ် စက်သုံးဆီများကို ခြိုးခြံချွေတာနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ တောင်သူများ ထွန်ယက်စိုက်ပျိုးချိန်တွင် လုံလောက်ဖူလုံစွာ သုံးစွဲနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment