နိုင်ငံတော်အဆင့် အခမ်းအနားများမှာ နိုင်ငံတော်အကြီးအကဲအနေနဲ့ ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အလျဉ်းသင့်တိုင်း ထည့်သွင်းပြောဆိုတာမျိုး ရှိပါတယ်။ ၂၀၂၆ခုနှစ်၊ မတ်လ (၁၀) ရက်နေ့က နိုင်ငံတော်အစိုးရ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားတဲ့ အခမ်းအနားမှာလည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ပြောဆိုသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မဖြစ်မနေတိုးတက်မှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအကျိုးကိုရှေးရှု၍ ဖြစ်ချင်သည်ထက်ဖြစ်သင့်သည်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိပြီး ငြိမ်းချမ်းရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက်လည်း ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၈၉) ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် (၂၅) ကြိမ်၊ နိုင်ငံရေးပါတီများနှင့် (၂၂) ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် (၁၃) ကြိမ်၊ စုစုပေါင်း (၁၄၉) ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း။ ထိုကဲ့သို့ ဆွေးနွေးသည့်နေရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သော ဖြစ်သင့်ဖြစ်ထိုက်သည့်အချက်များကို အကျေအလည်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ဆွေးနွေးနိုင်ခဲ့သည့်အချက်များကို လာမည့်လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်ပြီး လွှတ်တော်၏ဆုံးဖြတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ပြောကြားထားပါတယ်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ သဝဏ်လွှာမှာ ဆိုရင် "တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပကတိလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးပင် ဖြစ်ပါသည်။ ဒေသတစ်ခု တည်ငြိမ်အေးချမ်းခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကိုပျက်ပြားအောင် အဆိုပါဒေသရှိ အကြမ်းဖက်သမားများကသာ ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများက လမ်းတံတားများနှင့် လျှပ်စစ်ဓာတ်အားလိုင်းများကို မိုင်းထောင်ဖောက်ခွဲခြင်း၊ ပိတ်ဆို့တားဆီးခြင်း၊ ပြည်သူပိုင်အဆောက်အအုံများ မီးရှို့ဖျက်ဆီးခြင်း စသည့်အဖျက်အမှောင့်ပယောဂများလုပ်ဆောင်မှုကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်း၊ ပညာသင်ယူမှုအခွင့်အလမ်းများဆုံးရှုံးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိခြင်းတို့ကို ကြုံတွေ့နေရပါသည်။ နယ်မြေဒေသအချို့တွင် မတည်ငြိမ်မှုများဖြစ်ပွား၍ ဒေသခံတိုင်းရင်းသားများသည် လူမှုစီးပွားဘဝနိမ့်ကျမှု၊ အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ကြုံတွေ့လျက်ရှိပါသည်။ ဤဖြစ်စဉ်များကြောင့် လူမှုစီးပွားဘဝများကျဆင်းလာပြီး ပြည်သူများ ဆင်းရဲဒုက္ခကြီးမားလာသည်ကို အထူးသတိချပ်ရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်စိုးသည့် နိုင်ငံဖြစ်ပြီး နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော အာဏာခက်မသုံးဖြာသည် အမိနိုင်ငံတော်မှ ပေါက်ဖွားလာသော တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု၊ ဘဝလုံခြုံမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုတို့အတွက် အဓိကထားဆောင်ကြဉ်းပေးလျက်ရှိပါသည်။" လို့ ပြောဆိုထားပါတယ်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ "တပ်မတော်သည် ပြည်သူကြားမှ သန္ဓေတည်ပေါက်ဖွားလာသော မျိုးချစ်ပြည်သူ့တပ်မတော်ဖြစ်သကဲ့သို့ တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ပြည်ထောင်စုတပ်မတော်လည်းဖြစ်ပါသည်။ နိုင်ငံတော်အတွက် မယိမ်းမယိုင်ရပ်တည်ခဲ့သော အခိုင်မာဆုံးအဖွဲ့အစည်းဖြစ်ပါသည်။ တပ်မတော်အနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုများကို ယနေ့အချိန်အထိ ထိန်းသိမ်း ဆောင်ရွက်နေပါသည်။ ပြည်သူတစ်ရပ်လုံး၏ အားပေးထောက်ခံမှုဖြင့် တိုင်းပြည်အပေါ် ကျရောက်လာသည့် ပြည်တွင်း၊ ပြည်ပအန္တရာယ်ရန်စွယ်ဟူသမျှကို မျိုးချစ်စိတ်ဓာတ်အရင်းခံ၍ စွန့်လွှတ်စွန့်စားမှုဖြင့် အစွမ်းကုန်ကာကွယ်စောင့်ရှောက်လျက်ရှိပါသည်။ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိုလိုလားသည့် ပြည်သူများနှင့်လက်တွဲပြီး လက်နက်ကိုင်သောင်းကျန်းသူများ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်မှုများကို ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ပါသည်။ နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကိုအခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကို ကြိုးပမ်းဖော်ဆောင်သွားမည် ဖြစ်ပါသည်။ ကမ္ဘာတည်သရွေ့ တပ်မတော်တည်ရှိနေပါမည်။ တပ်မတော်တည်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေပါမည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တစ်သားတည်းရပ်တည်ပြီး ပြည်ထောင်စုမပြိုကွဲရေးအတွက် အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါသည်။" ဆိုပြီး တိုက်တွန်း ပြောဆိုထားပါတယ်။
အထက်ပါ ဗိုလ်ချုပ်မှူးကြီးရဲ့ လမ်းညွှန်ချက်တွေကို ကိုးကားပြောဆိုရခြင်း ၂၀၂၆ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှာ AA အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ပြည်သူများကို ယုတ်မာရိုင်းစိုင်းစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုတွေနဲ့ ပတ်သက်ပါတယ်။ AA အကြမ်းဖက်အဖွဲ့သည် တပ်မတော်သားမိသားစုဝင်များ၊ အပြစ်မဲ့ ပြည်သူများကို စစ်သုံပန်းအဖြစ် ဖမ်းဆီးရာမှာ အမျိုးသားများကိုသာမက အမျိုးသမီးများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များကိုပါ ဖမ်းဆီးထားတာမျိုး တွေ့ရပါတယ်။ စစ်သုံပန်းများဟု ခေါင်းစဉ်တပ်ကာ ဖမ်းဆီးထားပြီး အမျိုးသားများကို သံခြေချင်းများ၊ သံထောက်များဖြင့် သံလှောင်အိမ်တွင်း အစာရေစာ အငတ်ငတ် အပြတ်ပြတ် ထားရှိခြင်းဟာ လူမဆန်သော လုပ်ရပ်များကို ကျူးလွန်နေခြင်း ဖြစ်ပါတယ်။
တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် AA အကြမ်းဖက်အဖွဲ့ကို လိုက်လံနှိမ်နင်းတဲ့အခါမှာ ၎င်းတို့ ဖမ်းဆီးထားတဲ့ စစ်သုံပန်းများကို ရက်စက်စွာ မီးရှို့သတ်ဖြတ်ပြီး တပ်မတော်က လေကြောင်းမှ တိုက်ခိုက်လို့ စစ်သုံပန်းများ အစုလိုက်အပြုံလိုက် သေဆုံးရပါတယ်ဆိုတာမျိုး တပ်မတော်နဲ့ ပြည်သူကြားကို ရည်ရွယ်ချက်ရှိရှိ ခလောက်ဆန်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အလားတူ အစောပိုင်းကာလမှာလည်း AA အကြမ်းဖက်အဖွဲ့အနေနဲ့ တပ်မတော်သားမိသားစုဝန်များ၊ နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဖြစ်စဉ် ဖြစ်ရပ်တွေက ပြီးဆုံးသွားသည့်တိုင်အောင် သမိုင်းမှတ်တမ်းထဲကနေ ပျောက်ပျက်သွားတာမျိုးတော့ မဟုတ်ပါဘူး။ AA အကြမ်းဖက်အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုကြောင့် သေဆုံးခဲ့ရတဲ့ တပ်မတော်သား၊ တပ်မတော်သားမိသားစုဝင်၊ အပြစ်မဲ့ပြည်သူ ထောင်ပေါင်းများစွာ ဖြစ်နေပါပြီ။
ထို့အတူ KIA နှင့် PDF အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထားပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့မှု မှတ်တမ်းများ၊ KNU, KNLAနှင့် PDF အကြမ်းဖက်အဖွဲ့အပါအဝင် ကရင်ပြည်နယ်အတွင်း အခြေပြုလှုပ်ရှားသော အကြမ်းဖက်အဖွဲ့များက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်နေမှုများကို စစ်တမ်းထုတ်ကြည့်မယ်ဆိုရင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း သောင်းနဲ့ချီပြီးတော့ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
လူတွေကို ပစ်မှတ်ထား သတ်ဖြတ်ရုံမျှမကဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားတဲ့ လမ်းတံတားတွေကို ဖျက်ဆီး၊ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများကိုပါ အကြမ်းဖက်စခန်းများအဖြစ် အသုံးချပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်တဲ့ လုပ်ရပ်တွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ကြည့်ရင် အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ခြင်း ဟုတ်၊ မဟုတ် ၂၀၂၁ မှ ၂၀၂၅ ကာလအတွင်း မြို့ရွာများ ပျက်စီးခဲ့ရတဲ့ အခြေအနေကို ပြန်လည်တွက်ဆကြည့်ရင် အဖြေပေါ်ပါလိမ့်မယ်။ ချင်းပြည်နယ် ထန်တလန် က အစပြုပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှာ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက် က ငြိမ်းချမ်းရေးပြယုဂ်အဖြစ် တည်ခဲ့တဲ့ လေးကေကော်မြို့လေး ပျက်စီးသွားခဲ့ရတယ်။ မန္တလေးတိုင်းဒေသကြီးထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်း တို့ဟာ အကြမ်းဖက်သမားများ ဝင်ရောက်ဖျက်ဆီးသွားလို့ အလုံးစုံပျက်စီးခဲ့ရပြီး ယခုအခါမှသာ ပြန်လည်စစ်ကြောင်းထိုးကာ ရှင်းလင်းဆောင်ရွက်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးထဲကဆိုရင် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်အတွင်း PDF အကြမ်းဖက်သမား အခြေပြု လှုပ်ရှားမှုကို ယနေ့တိုင်အောင် ရှင်းလင်းနိုင်ခြင်း မရှိသေးပါဘူး။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးထဲမှာဆိုရင် ကောလင်း၊ ကနီ၊ ဝက်လက်၊ ရွှေဘို၊ ချောင်းဦး၊ ခင်ဦး၊ ရေဦး၊ ကောလင်း၊ တန့်ဆည် တို့ဟာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပါတယ်။ ယနေ့အချိန်အထိလည်း မြို့ပေါ်မှာ အုပ်ချုပ်ရေးယန္တရား ရှိနေသည့်တိုင်အောင် ကျေးရွာများမှာ အကြမ်းဖက်သမားများက ရွာသူရွာသားများကို လက်နက်နဲ့ အနိုင်ကျင့် စိုးမိုးနေတဲ့ အခြေအနေတွေ ရှိပါတယ်။
လွတ်လပ်ရေးသမိုင်းနဲ့အတူ ဒွန်တွဲပါလာတဲ့ လက်နက်ကိုင်အကြမ်းဖက်လှုပ်ရှားမှုကို တပ်မတော်အစိုးရလက်ထက်၊ ပြည်သူလူထု ရွေးချယ်တင်မြှောက်သောအစိုးရအဆက်ဆက် က ပြီးပြတ်အောင် ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိတာကို တွေ့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီဆိုရင် ဖွဲ့စည်းပုံနဲ့အညီ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်သင့်တဲ့ အခြေအနေကို ရောက်ရှိပါပြီ။
တပ်မတော်သည် သဘောထားကြီးစွာဖြင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များအနေဖြင့် မိမိတို့ရဲ့ လိုလားချက်များကို တွေ့ဆုံဆွေးနွေး ပြောဆိုဖို့ ဖိတ်ခေါ်နေသည့်တိုင်အောင် စာပွဲဝိုင်းကို ရောက်မလာဘဲ တိုင်းဖျက် ပြည်ဖျက် လုပ်ရပ်တွေကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ အခြေအနေကိုလည်း အထင်အရှား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ တပ်မတော်အကြီးအကဲများရဲ့ သဘောထားကြီးမှု၊ ပျော့ပျောင်းမှုကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်၊ တိုင်းပြည်ရဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးပြီး တော်လှန်ရေးလို့ ဂုဏ်ဆာနေတာမျိုးတွေ အနာဂတ်နိုင်ငံတော်မှာ လုံးဝမရှိသင့်တော့ပါဘူး။ မဖြစ်သင့်တော့ပါဘူး။
AA အကြမ်းဖက်အဖွဲ့က တပ်မတော်သားမိသားစုဝင်များ၊ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးပြီး ရက်စက်စွာ အစုလိုက် အပြုံလိုက် မီးလောင်တိုက်သွင်းပြီး သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို ထောက်ရှုခြင်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင်လို့ အမည်ခံထားတဲ့ အကြမ်းဖက်အဖွဲ့များသည် ဗမာလူမျိုးမုန်းတီးရေးကို ဦးတည်လှုံ့ဆော်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပျက်ပြားအောင် လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းများဖြစ်တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ လက်နက်ကိုင်အဖွဲ့အားလုံးဟာ အဖျက်အမှောင့်လုပ်နေတဲ့ အဖွဲ့အစည်းများပဲ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပုဒ်မ ၂၀ မှာ -
(က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီ သည့် တစ်ခုတည်းသော မျိုးချစ်တပ်မတော် ဖြစ်သည်၊
(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊
( ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲ ဖြစ်သည်၊
(ဃ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူ တစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည်၊
(င) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန် ရှိသည်၊
(စ) တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်။
ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာနေသော၊ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အနှောက်အယှက်ပေးနေသော လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များကို သည်းခံခွင့်လွှတ်ထားခြင်းအားဖြင့် တိုင်းပြည်အတွက် ကောင်းကျိုးမရနိုင်ပါ။ ပြည်သူလူထုအတွက်လည်း အန္တရာယ်များပါတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်မည်ဆိုလျှင် မြန်မာ့မြေပေါ်မှာ ခြေကုပ်ယူပြီး တိုင်းရင်းသားပြည်သူအချင်းချင်းကြား သွေးခွဲသပ်လျှိုပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင် အမည်ခံ အကြမ်းဖက်အဖွဲ့များအားလုံး မြန်မာ့မြေပေါ်မှ ပပျောက်ရေး ရွေးကောက်ခံအစိုးရနှင့် တပ်မတော်ပူးပေါင်း၍ တိကျမှန်ကန် ပြတ်သားစွာ ဆောင်ရွက်ပေးနိုင်ပါရန် အလေးထား တောင်းဆိုလိုက်ရပါကြောင်း ။ ။
နောင်တော်လေး (ဘိုကလေး)
#News #MNP

No comments:
Post a Comment