မတ် - ၂၆ ( ကြာသပတေးနေ့ )
ရုရှားနိုင်ငံမှ ရေနံစိမ်း တန်ချိန် ၁၄၀,၀၀၀ ခန့် တင်ဆောင်လာတဲ့ သင်္ဘောအယ်လ်တူရာဟာ ဒီနေ့မနက်ပိုင်းမှာ ပင်လယ်နက်အတွင်း ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရလို့ သင်္ဘောပဲထိန်းခန်း နဲ့ အင်ဂျင်ခန်းပျက်စီးသွားခဲ့ရပါတယ်။ သင်္ဘောသား ၂၇ ဦးစလုံးကတော့ ထိခိုက်မှုမရှိပါဘူး။ အဲ့ဒိအကြောင်းကို တူရကီရုပ်သံလိုင်းက ပထမဆုံး သတင်းတင်ဆက်ခဲ့ပြီးနောက် တူရကီသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။
ဆီယာရာလီယွန် အလံတင် အယ်လ်တူရာ သည် ရေနံစိမ်းစည်ပေါင်း ၁ သန်းခန့် ကို တင်ဆောင်ကာ ရုရှားနိုင်ငံ နိုဗိုရော်စစ်စကီး ဆိပ်ကမ်းမှ ပင်လယ်နက်ကို ဖြတ်ပြီး ထွက်ခွာလာခဲ့ပါတယ်။ တူရကီရေပိုင်နက် ဘောစပိုရက် ရေလက်ကြားနား အရောက်မှာ ဒရုန်း နဲ့ တိုက်ခိုက်ခံလိုက်ရပါတယ်။ အယ်လ်တူရာ ရဲ့ အချက်ပြမှုကို ရရှိပြီးနောက် တူရကီအာဏာပိုင်များက ကယ်ဆယ်ရေးသင်္ဘော နီနီဟာတန် နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့များအပြင် အခြားအရေးပေါ်ရေယာဉ်များကို ကူညီရန် စေလွှတ်ခဲ့ပါတယ်။ သင်္ဘောသား ၂၇ ဦးစလုံး ဘေးကင်းကြောင်း အစီရင်ခံခဲ့ပြီး တူရကီအာဏာပိုင်များက တိုက်ခိုက်မှုနောက်ကွယ်တွင် မည်သူမည်ဝါဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိထားပါဘူး။
အဲ့ဒိ ရေနံတင်သင်္ဘောကို အီးယူ ( ဥရောပသမဂ္ဂ) နဲ့ ဗြိတိန်တို့က ပိတ်ဆို့အရေးယူထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။ အေပီသတင်းဌာနကလည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက ထုတ်ပြန်တဲ့ ဗြိတိန်ရဲ့ ပိတ်ဆို့အရေးယူမှုတွင် ရုရှားရေနံသယ်ယူပို့ဆောင်ရေးတွင် ပါဝင်သော သင်္ဘောများထဲမှာ အယ်လ်တူရာ ပါတယ်လို့ ဆိုပါတယ်။ အဆိုပါသင်္ဘောက ရုရှားရဲ့ အရိပ်ရေယာဉ်စုနှင့် ချိတ်ဆက်ထားကြောင်းလည်း ဆိုပါတယ်။
အရပ်ဖက်သင်္ဘောတွေကို ဒရုန်း နဲ့ တိုက်ခိုက်မှုက ပင်လယ်နက်ထဲမှာ အဖြစ်များနေပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး တူရကီအာဏာပိုင်တွေက အထူးသတိထား စောင်ကြည့်နေရပါတယ်။ ပင်လယ်နက်ထဲကနေ မြေထဲပင်လယ်ကို ထွက်ဖို့က တူရကီပိုင်ရေလက်ကြားကို ဖြတ်ရပါတယ်။ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ပင်လယ်နက်ထဲမှာ ရေလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်ခဲ့ရင် အာဖရိကနဲ့ ဥရောပအတွက် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားနိုင်ပါတယ်။
REF: The Nation
#News #MNP


No comments:
Post a Comment