နေပြည်တော်၊ မတ် ၁၆
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့စတင်ကျင်းပရာ လွှတ်တော်ကိုယ်စားလှယ်များက ဦးခင်ရီအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြပြီး ဥက္ကဋ္ဌ က နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နိုင်ငံတော်နဲ့ ပြည်သူလူထု၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်း ပြောဆိုသွားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ က "လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ - ဒီနေ့ဟာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးတဲ့အတွက် ပြည်သူတစ်ရပ်လုံး လိုလားတောင်းတတဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ပြည်သူ့ဆန္ဒနဲ့အညီ တတိယအကြိမ်ပြည်သူ့လွှတ်တော်ကြီး ပေါ်ပေါက်လာတဲ့ သမိုင်းဝင်မှတ်တမ်းတင် ဂုဏ်ယူစရာ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ကိုယ်စားလှယ်များက ကျွန်တော့်ကို ယုံကြည်စွာ တာဝန်အပ်နှင်းမှုအပေါ် အလေးအနက်ခံယူပြီး ဒီတာဝန်ကို ကျေပွန်စေရန် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများနှင့်အညီ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အလေးအနက်ထား ကတိပြုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးများ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး၊ ချစ်ချစ်ခင်ခင်၊ ပွင့်ပွင့်လင်းလင်းနဲ့ ဒီမိုကရေစီကျင့်စဉ်အတိုင်း တက်ညီလက်ညီ ဝိုင်းဝန်းဖော်ဆောင်သွားကြဖို့လည်း ဆုတောင်းပါတယ်။ ဒါ့အပြင် သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အားလုံးနဲ့အတူ ပိုမိုကောင်းမွန်တဲ့ တစ်နည်းပြောရရင် ပိုမိုခိုင်မာပြည်မြန်မာကြီးကို ဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ရဲ့ အချုပ်အခြာမဏ္ဍိုင် (၃)ရပ်အနက် ဥပဒေပြုရေးသည် လွှတ်တော်ရဲ့ အဓိကတာဝန်ဖြစ်ပါတယ်။ ထို့အပြင် နိုင်ငံတော်အာဏာ မဏ္ဍိုင် (၃)ရပ်ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုရမှာဖြစ်ပြီး ပြည်သူကို ကိုယ်စားပြုခြင်းကိုလည်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမယ် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံရေးရည်မှန်းချက် ခေတ်စနစ်အခြေအနေများနဲ့ ကိုက်ညီမှုရှိစေရန် ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း အသစ်ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူက ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်တာနဲ့အညီ ပြည်သူများနဲ့ ထိတွေ့ဆွေးနွေးပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒကို ပြည်သူ့ကိုယ်စား ဖော်ဆောင်ပေးရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်သကဲ့သို့ နိုင်ငံတော်နဲ့ ပြည်သူ့ကောင်းကျိုးအတွက် လွှတ်တော်ရဲ့ ဆောင်ရွက်ချက်များကိုလည်း ပြည်သူများ နားလည်သဘောပေါက်စေရန် ပြန်လည်မျှဝေပေးရမှာက လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ - အချုပ်အားဖြင့် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်တဲ့နေရာမယ် နိုင်ငံတော်နဲ့ ပြည်သူလူထု၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ။" ဟု ပြောဆိုသည်။
ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာနန္ဒကျော်စွာအား သဘာပတိအဖြစ် တင်မြှောက်ပြီး သဘာပတိရှေ့မှောက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တို့အား ရွေးချယ်တင်မြှောက်ရာ ဦးခင်ရီ အား ဥက္ကဋ္ဌ၊ ဦးမောင်မောင်အုန်း အား ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြခြင်း ဖြစ်သည်။
#News #MNP

No comments:
Post a Comment