ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှုတိုက်ဖျက်ရေးဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် မိန့်ခွန်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှုတိုက်ဖျက်ရေးဆွေးနွေးပွဲသို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက် မိန့်ခွန်းပြောကြား




ဗီယင်နာ၊ မတ် ၁၉

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) နှင့် နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) တို့ပူးပေါင်း၍ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ၁၆-၃-၂၀၂၆ ရက်မှ ၁၇-၃-၂၀၂၆ ရက်အထိ ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာလိမ်လည်မှု တိုက်ဖျက်ရေးဆွေးနွေးပွဲသို့ ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့ အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပြီး၊ ၁၆-၃-၂၀၂၆ ရက်တွင် ကျင်းပသည့် အဆင့်မြင့်အထူးဆွေးနွေးပွဲကဏ္ဍ (High-Level Special Session) ၌ မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိသည့် နယ်စပ်ဒေသများ၌ နိုင်ငံခြားသားများက အဓိကလုပ်ကိုင်လျက်ရှိမှု၊ မြန်မာအစိုးရအနေဖြင့် အမျိုးသားအဆင့်ကော်မတီများဖွဲ့စည်းခြင်း၊ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဗဟိုဌာန ဖွဲ့စည်းခြင်း၊ မိုဘိုင်းဖုန်း မှတ်ပုံတင်မှုစနစ် တည်ထောင်ခြင်းနှင့် ဆိုက်ဘာလုံခြုံရေးနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း၊ အသိပညာပေး အစီအစဉ်များ ပြုလုပ်ခြင်းတို့ဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကို ခိုင်မာပြတ်သားစွာ အရေးယူဆောင်ရွက်လျက်ရှိမှုနှင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့နှင့်လည်း နှစ်နိုင်ငံချင်းနှင့် သုံးနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအပြင် မဲခေါင်-လန်ချန်း မူဘောင်အတွင်းတို့မှ ပူးပေါင်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

၎င်းက ဆက်လက်ဆွေးနွေးရာတွင် ယင်းသို့ဆောင်ရွက်ချက်များ၏ ရလဒ်အနေဖြင့် နိုင်ငံပေါင်း ၅၈ နိုင်ငံမှ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်ပတ်သက်နေသော နိုင်ငံခြားသား ၇၁,၀၀၀ ကျော်ကို မိခင်နိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့သည့်အပြင် မြန်မာ-ထိုင်း နယ်စပ်အနီးရှိ ယင်းလုပ်ငန်းများအတွက်အသုံးပြုသည့် အဆောက်အဦ ၆၀၀ ကျော်နှင့် ဆက်သွယ်ရေးစက်ပစ္စည်း ထောင်ပေါင်းများစွာကို ဖျက်ဆီးနိုင်ခဲ့မှု၊ မြန်မာနိုင်ငံတွင် ဆိုက်ဘာရာဇဝတ်မှုများဖြစ်ပွားမှု မြင့်တက်နေပြီး ယင်းတို့မှာ အွန်လိုင်းလိမ်လည်မှုများ သာမက လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး၊ အဓမ္မစေခိုင်းမှု၊ ငွေကြေးခဝါချမှုတို့နှင့်လည်း ဆက်စပ်နေမှု၊ ယင်းစိန်ခေါ်မှုများကို တိုက်ဖျက်ရာတွင် နိုင်ငံအားလုံးနှင့် UNODC နှင့် INTERPOL အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးတက်ခိုင်မာရေးမှာ အရေးပါပြီး၊ အချက်အလက်များ မျှဝေခြင်း၊ နည်းပညာအကူအညီပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရန် လိုအပ်မှု၊ မြန်မာနိုင်ငံအနေဖြင့် ယခုဆွေးနွေးပွဲ၏ ထုတ်ပြန်ချက် (၂)ခုဖြစ်သော "လိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ တိုက်တွန်းချက်" (Call to Action on Combating Fraud) နှင့် "လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အစိုးရ-ပုဂ္ဂလိက မိတ်ဖက် ဆောင်ရွက်မှု ကမ္ဘာ့မူဘောင်" (Global Public-Private Partnership Framework Against Fraud) တို့ကို ထောက်ခံပါဝင်မှုနှင့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါကတိကဝတ်များကို ထိရောက်ခိုင်မာစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မိတ်ဖက်အားလုံးနှင့် လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိမှု တို့ကို ထပ်လောင်း အတည်ပြုခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို ကမ္ဘာလုံးဆိုင်ရာလိမ်လည်မှုတိုက်ဖျက်ရာတွင် အစိုးရများ၊ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်နှင့် ကတိကဝတ်များကို ခိုင်မာသော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲ ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး၊ ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် သံတမန်များနှင့် IGOs ၊ NGOs ၊ ပုဂ္ဂလိကနှင့် နည်းပညာကုမ္ပဏီများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၁၃၀၀) ကျော် ပါဝင်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကာလအတွင်း Call to Action on Combating Fraud သို့ နိုင်ငံပေါင်း (၃၂) နိုင်ငံနှင့် အစိုးရအချင်းချင်းကြားအဖွဲ့အစည်း (Intergovernmental Organizations -IGOs) (၃) ခု ကလည်းကောင်း၊ Global Public-Private Partnership Framework Against Fraud သို့ နိုင်ငံပေါင်း (၂၈) နိုင်ငံ၊ IGOs (၃) ခုနှင့် ပုဂ္ဂလိကကဏ္ဍမှ ကုမ္ပဏီနှင့် အဖွဲ့အစည်း (၈၃) ခုတို့ကလည်းကောင်း ထောက်ခံပါဝင်ခဲ့ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)