ညောင်ဦး၊ မတ် ၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ အမှတ်(၂)ရပ်ကွက်၊ရုပ်စုံကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ဣန္ဒဝံသမဟာထေရ်မြတ် ယာယီစံကျောင်းသို့ပင့်ဆောင်သည့် အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ရုပ်စုံကျောင်းတိုက်ဝန်းအတွင်း မတ် ၉ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တပဏ္ဍိတ (မဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်ထံက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်ဒါယကာများက လှူဖွယ်တတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မြင်းခြံမြို့ ကိုးဆောင်တိုက် သီရိမာလာကျောင်းဆရာတော် ဘဒ္ဒန္တဇောတိပါလ(အဂ္ဂမဟာပဏ္ဍတ)ထံမှ သံဝေဂတရားနာကြား၍ ရေးစက်သွန်းချအမျှအတန်းပေးဝေသည်။ ထို့နောက် ဘဝနတ်ထံပျံလွန်တော်မူသွားသော နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်မြတ်၏ ဘဝဖြစ်တော်စဉ် ထေရုပ္ပတ္တိအကျဉ်းအား ညောင်ဦးမြို့ မြစ်ကြည့်တိုက်၊သုမနာရာမ ကျောင်းဆရာတော် ဘဒ္ဒန္တဣဿရိယကဖတ်ကြားပြီး ရုပ်ကလာပ်တော်ကို ယာယီစံကျောင်းပေါ်သို့ ကြွချီတော်မူရန် တောင်းပန်လျှောက်ထားသောအဘိယာစနနိမန္တဂါထာကို ညောင်ဦးမြို့ မိုးနန်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တယုဇနဆရာတော်က ရွတ်ဖတ်ပြီး ဆရာတော်၏ရုပ်ကလာပ်တော်အား ယာယီစံကျောင်းပေါ်သို့ပင့်ဆောင်သည်။
နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ ဣန္ဒဝံသ မဟာထေရ်သည် သက်တော်(၉၀)၊ ဝါတော်(၇၀)ရှိပြီး မတ် ၄ ရက် ည ၁၀ နာရီ ၃၂ မိနစ်အချိန်၌ ဘဝနတ်ထံပျံလွန်တော်မူကြောင်း သိရသည်။
ဒီပါလင်း
#News #MNP




No comments:
Post a Comment