ကျွန်းစု၊ မတ် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျက်သရေဆောင် တိလောကမာရဇိန် လျောင်းတော်မူဘုရားကြီး ဌာပနာပိတ်ပွဲနှင့် (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပိတ်ပွဲကို မတ် ၂ ရက် နံနက် ၈ နာရီခွဲက မြို့ဦးသံသရာအေးစေတီတော်၊ မြန်မာအေးဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ အောင်တော်မှုသာသနာ့ရိပ်သာကျောင်းတိုက်၊ ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသ (မဟာကမ္မဌာနစရိယ)မှ ဦးဆောင်၍ ဌာပနာပိတ်ခြင်းကို အစီအစဉ်တကျဆောင်ရွက်ခဲ့ကြပြီး ဆရာတော်သံဃာတော်များနှင့်အလှူရှင်များက ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင် ဆောင်ရွက်သည်။
တိလောကမာရဇိန်ဘုရားကြီးသည် ဉာဏ်တော်အမြင့် ၁၄ ပေ ၆ လက်မ၊ အလျား ၄၅ ပေ ၆ လက်မ၊ ပလ္လင် အမြင့် ၇ ပေ ရှိပြီး ၂၀၁၇ ခုနှစ်၊ ဩဂုတ် ၇ ရက်တွင် ဘုရားတကာကြီး ဦးသန်းကြွယ်က စတင်၍ မတည်အုတ်မြစ်ချခဲ့ပြီး ကျေးရွာအသီးသီးမှ အလှူရှင်များ စုပေါင်း၍ တည်ထား ကိုးကွယ်သည်။
ထို့နောက် သံဃာတော် ၃၈ ပါး၊ ရှင်သာမဏေ ၁၂ ပါး၊ သီလရှင် ၄ ပါး၊ စုစုပေါင်း ၅၄ ပါး တို့အား တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်အောင်နိုင်နှင့် အရာရှိ/စစ်သည် မိသားစုဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ကျွန်းစုမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့မှ အလှူရှင်များက ဆွမ်းလောင်းလှူခဲ့ကြသည်။
ဆက်လက်၍ တရားနာပရိသတ်များက ဩကာသကန်တော့ချိုးဖြင့် ညီညာစွာကန်တော့ခဲ့ကြပြီး အောင်တော်မူသာသနာ့ရိပ်သာကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ (မဟာကမ္မဌာနာ စရိယ) ထံမှ တရားနာပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များအား ဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး တရားနာပရိသတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)
#News #MNP




No comments:
Post a Comment