ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့် လေ့လာသူများကိုဖိတ်ခေါ်၍ နိုင်ငံတော် အပေါ် ယုံကြည်မှုနှင့် လေးစားမှု ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့် လေ့လာသူများကိုဖိတ်ခေါ်၍ နိုင်ငံတော် အပေါ် ယုံကြည်မှုနှင့် လေးစားမှု ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပြောကြား






နေပြည်တော်၊ မတ် ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာစားပွဲကို ၁၇-၃-၂၀၂၆ ရက် (အင်္ဂါနေ့) (၁၈၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပရဝဏ် အတွင်း၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က အမှာစကား ပြောကြားရာတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့် လေ့လာသူများကိုဖိတ်ခေါ်၍ နိုင်ငံတော် အပေါ် ယုံကြည်မှုနှင့် လေးစားမှု ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားသည်။

အခမ်းအနားတွင်  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကား ပြောကြားရာတွင် မြန်မာ့ သံတမန်ရေးရာသမိုင်းကြောင်းသည် နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိခဲ့ပြီး ခေတ် အဆက်ဆက်တွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက် ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန် အဆက်အသွယ် ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် ထိတွေ့ဆက်ဆံရေးနှင့် သဟဇာတ ဖြစ်ရေးကို အလေးထားသည့် သံတမန်နည်းလမ်း (Engagement and Harmony Oriented Diplomacy) ကို ကျင့်သုံးလျက်ရှိရာ ပြီးခဲ့သည့် ၅ နှစ်တာအတွင်း နိုင်ငံတကာနှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုတို့တွင် တက်ကြွစွာ ပါဝင်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို မြှင့်တင်ရန် အလေးထား ဆောင်ရွက်လျက်ရှိရာတွင် ICJ ၌ ခိုင်မာစွာ ခုခံချေပခြင်း၊ အွန်လိုင်း လိမ်လည်မှုများအား Zero Tolerance Policy ဖြင့် နှိမ်နင်းခြင်းတို့တွင် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့်အတူ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာစောင့်ကြည့် လေ့လာသူများကိုဖိတ်ခေါ်၍ နိုင်ငံတော် အပေါ် ယုံကြည်မှုနှင့် လေးစားမှု ရရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်း  စသည်ဖြင့် အပြုသဘော အောင်မြင်မှုများ ကို  ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာတွင် သံတမန်နည်းလမ်းသည် ပို၍ အရေးပါလာနေကြောင်း၊ သံတမန်မျိုးဆက်များအကြား အတွေ့အကြုံ၊ စွမ်းဆောင်ရည်နှင့် လေ့လာမှုတို့ကို ပေါင်းစပ်၍ သံတမန်မျိုးဆက်ကောင်းများ စဉ်ဆက်မပြတ်ပျိုးထောင်ရမည် ဖြစ်ကြောင်း၊ သံတမန်နည်းနာ၊ နိုင်ငံခြားရေးမူဝါဒဖော်ဆောင်မှုနည်းနာများအပြင် အမျိုးသား နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာနှင့် ကာကွယ်ရေးဆိုင်ရာ သိမြင်နားလည်မှုများရှိရန် အထူး လိုအပ်ကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို တတ်စွမ်းသမျှ ဝိုင်းဝန်း အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ရေမြေသယံဇာတကို သားစဉ်မြေးဆက် တန်ဖိုးထား သုံးစွဲနိုင်စေရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် တာဝန်သိ၍ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံ မှုများ ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး မြင့်မား တိုးတက်စေရေး အမြဲမပြတ်လေ့လာဆည်းပူးသွားရမည်ဖြစ်သကဲ့သို့ အဖွဲ့လိုက်လုပ်ဆောင်မှု အားကောင်းစေရေး အတွက်လည်း လေ့ကျင့်ပျိုးထောင်ပေးသွားရမည် ဖြစ်ကြောင်း၊ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာစောင့်သိ၍ ချမှတ်ထားသည့် မူဝါဒများ၊ ဝန်ထမ်းကျင့်ဝတ်၊ သံတမန် ကျင့်ဝတ်များကို ကောင်းစွာ သိရှိလိုက်နာရန်လိုအပ်ကြောင်း၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ အကျိုးနှင့် အခွင့်အရေးကို တတ်စွမ်းသမျှ ကာကွယ်စောင့်ရှောက်ပေးသွားရမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့စဉ်ကကဲ့သို့ အခက်အခဲများကြားမှ ကြံ့ကြံ့ခံတာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းမိသားစုများအား အထူးမှတ်တမ်းတင် ဂုဏ်ပြုကြောင်းနှင့် မည်သည့်စိန်ခေါ်မှုများကိုမဆို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားကာ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းမှ အားစိုက်ကြိုးပမ်း အကောင်အထည်ဖော်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ 

 ဂုဏ်ပြုညစာစားပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းများက တေးသံသာများ သီဆိုခြင်း၊ ဦးစီးဌာနများ၏ ယိမ်းအကပြိုင်ပွဲ ကျင်းပခြင်းတို့ဖြင့် ဖျော်ဖြေခဲ့ပြီး ဝန်ထမ်းများ အတွက် ကံစမ်းမဲ (၇၉)ဆုနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအတွက် ဆု(၅)ဆု မဲဖောက်၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြ သည့် ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သံအမတ်ကြီးများနှင့် အငြိမ်းစားအရာထမ်း အမှုထမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြသည်။ 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)