ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထိုင်းနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးအား မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဖမ်းဆီးရမိ


နေပြည်တော်၊ မတ် ၁၀ 

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ် များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ များသည်လည်းအွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက် နေထိုင်မှုမရှိစေရေးတို့ကို စစ်ဆေးကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စစ်ဆေးရေးဂိတ်၌ နယ်မြေလုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့ သည် မတ် ၉ ရက် နံနက် ၈ နာရီခန့်တွင် မုပလ္လင်ကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းအတိုင်း ကျိုက်ထိုမြို့ ဘက်မှ သိမ်ဇရပ်မြို့ဘက်သို့ လမ်းလျှောက်လာသော မသင်္ကာဖွယ် တရုတ်နိုင်ငံသား တစ်ဦးအား တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ ၎င်းမှာ Mr.Jiang Xiaoqiang (ဘ) Mr. Jiang Xingfu ၊ အသက် (၄၅)နှစ်၊ တရုတ်နိုင်ငံနေသူဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံမှတစ်ဆင့်တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသူဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိ တရုတ်နိုင်ငံသား၏ ပြောကြားချက်အရ ၎င်းသည် တရုတ်နိုင်ငံတွင် နေထိုင်စဉ် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသော တရုတ်နိုင်ငံသားတစ်ဦးနှင့် ချိတ်ဆက်မိ၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့(စိစစ်ဆဲ)နေရာသို့ ရောက်ရှိပြီး တစ်လလျှင် ထိုင်းဘတ်ငွေ ၂၀၀၀ ဘတ်ဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင် ခဲ့ရကြောင်း၊ ၎င်းတွင်ပါရှိလာသည့် ပစ္စည်းများ၊ ဖုန်း၊ ပတ်စ်ပို့နှင့် ဗီဇာများကိုလည်း သိမ်းဆည်း ထားကြကြောင်း၊ ထိုသို့လုပ်ကိုင်ရာတွင် နေရာအတည်တကျလုပ်ကိုင်ရခြင်းမရှိဘဲ နေရာ ၅ နေရာခန့် ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ရကြောင်း၊ ၂၀၂၆ ခုနှစ် မတ်လအတွင်းတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ သောင်ရင်းမြစ်အား စက်လှေဖြင့် ဖြတ်ကူး၍ မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ရောက်ရှိပြီး အဆောက်အအုံ တစ်လုံးအတွင်းနေထိုင်ခဲ့ရကြောင်း၊ ထိုသို့နေထိုင်စဉ် အစောင့်ဖြစ်သူအား ထိုးကြိတ်၍ ထွက်ပြေးခဲ့ပြီး မော်တော်ယာဉ်များအား အကူအညီတောင်း၍ လမ်းကြုံလိုက်ခြင်း၊ လမ်းလျှောက်ခြင်းတို့ဖြင့် ထွက်ခွာ လာခဲ့ရာ ယခု မုပ္ပလင်စစ်ဆေးရေးဂိတ်အနီးသို့ ရောက်ရှိစဉ် ဖမ်းဆီးထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော တရုတ် နိုင်ငံသားအား သက်ဆိုင်ရာ၌ ထိန်းသိမ်းထားရှိပြီး မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၃ (၁) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)